တနင်္သာရီတိုင်းအစိုးရ ဘတ်ဂျက်လိုငွေ ပိုများလာ

0
263
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းအစိုးရ၏ ဘတ်ဂျက်လိုငွေမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာသည်။

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တိုင်းအစိုးရ၏ လိုငွေမှာ ငွေကျပ် ၁၇၁ ဘီလီယံကျော် အထိရှိနေသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်၏ လိုငွေမှာ ကျပ် ၁၆၀ ဘီလီယံနီးပါးသာ ရှိသည်။

ထိုကြောင့် ယခုဘဏ္ဍာနှစ်၏ ဘတ်ဂျက်လိုငွေက ယခင်ဘဏ္ဍာနှစ်ထက် ငွေကျပ် ၁၁ ဘီလီယံ(သန်းပေါင်း တစ်သောင်းတစ်ထောင်)ခန့် ပိုလာခြင်း ဖြစ်သည်။

တိုင်းအစိုးရ၏ ဘတ်ဂျက်လိုငွေ ပိုများလာခြင်းမှာ တိုင်းအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲမည့်ပမာဏ ပိုများလာခြင်းကြောင့်ဖြစ်ကြောင်း ရသုံးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေလင်းထက်က ရှင်းပြသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကိုယ့်တိုင်းရဲ့ ရငွေက နည်းတဲ့အတွက်ကြောင့် အဲဒီလိုငွေတွေအားလုံးကို ပြည်ထောင်စုက ထောက်ပံ့တာ” ဟု ဦးနေလင်းထက်က ပြောသည်။

တိုင်းအစိုးရက ကောက်ခံပိုင်ခွင့် ရှိသည့် အခွန်အမျိုးအစား ရှစ်ခုရှိပြီး ယင်းအခွန်များအနက် သစ်တော ထွက်ပစ္စည်းများမှ ကောက်ခံရရှိသည့် အခွန်ငွေက အများဆုံးရရှိကြောင်း ရသုံးဌာနထံမှ သိရသည်။

တိုင်းအစိုးရမှ ကောက်ခံရရှိသည့် အခွန်ငွေအပါအဝင် အခြားရငွေ စုစုပေါင်း ၁၅ ဘီလီယံခန့်သာရှိမည်ဖြစ် ပြီးအသုံးစရိတ်ကို လိုအပ်ချက်ကို ပြည့်မီရန် ပမာဏများစွာလိုနေသေးသည်။

ယခုဘဏ္ဍာနှစ်တွင် တိုင်းအစိုးရ၏ တစ်နှစ်စာအသုံးစရိတ်မှာ ငွေကျပ် ၁၈၇ ဘီလီယံခန့်ရှိမည်ဟု ရသုံးဌာနမှ ခန့်မှန်းထားပြီး ယခင်ဘဏ္ဍာနှစ်ထက် ၁၄ ဘီလီယံခန့် ပိုမိုသုံးစွဲမည့်သဘော ဖြစ်သည်။

တိုင်းဒေသကြီးဘတ်ဂျက်၏ စုစုပေါင်းအသုံးစရိတ်အပေါ်တွင် ကျေးလက်လမ်းနှင့် လမ်းဦးစီးဌာနတို့၏ လုပ်ငန်းများကို အဓိကထား သုံးစွဲမည်ဖြစ်ကြောင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ အဆိုပြုတင်ပြချက်အရ သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က တိုင်းဒေသကြီးစုစုပေါင်းအသုံးစရိတ်၏ ၂၈ ရာခိုင်နှုန်းခန့်အထိ သုံးစွဲမည်ဖြစ်ပြီး လမ်းဦးစီးဌာနက ၂၆ ရာခိုင်နှုန်းကျော်အထိ သုံးစွဲမည်ဖြစ်သည်။

အထက်ပါဌာနနှစ်ခု၏ လုပ်ငန်းများကို ဘဏ္ဍာငွေပိုမိုသုံးစွဲမည်ဖြစ်သော်လည်း လျှပ်စစ်ဌာနကို ခွဲဝေပေးမည့် အသုံးစရိတ်မှာမူ ယခင်ဘဏ္ဍာနှစ်ထက် ၂ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်။ ယခင်ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် ၁၁ ဘီလီယံကျော် သုံးစွဲထားသည်။

ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်ပိုမို သုံးစွဲလာခြင်းကို ကြိုဆိုသော်လည်း အကောင်အထည်ဖော်သည့် ဌာနများအနေဖြင့် မြေပြင်တွင် အမှန်တကယ်လိုအပ်သည့် နေရာတွင်သာ သုံးစွဲသင့်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ကျော်ဦးက ထောက်ပြသည်။

ဥပမာအနေဖြင့် ထားဝယ်မြို့ရှိ လမ်းမီးတိုင်များတွင် နဂါးပုံသဏ္ဌာန် မီးသီးများ တပ်ဆင်ထားခြင်းကို ၎င်းက ထောက်ပြပြီး အမှန်တကယ်လိုအပ် ချက် ရှိ/ မရှိ သုံးသပ်ပြီးမှသာ တပ်ဆင် သင့်သည်ဟု ဆိုသည်။

“ဘတ်ဂျက်ကတော့ များများချ ပေးနေတယ်။ ဒါပေမဲ့ ထိရောက်မှု ရှိလား၊ မရှိလားပေါ့။ ပြည်သူလူထုအနေနဲ့ အမှန်အသုံးတည့်လားဆိုတာကို သွားဖို့လိုတာပေါ့” ဟု ဦးကျော်ကျော်ဦး က ပြောသည်။

ထို့အပြင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနကိုယ်တိုင် အကောင်အထည် ဖော်ခြင်းထက် သက်ဆိုင်ရာကုမ္ပဏီကို သာ တင်ဒါခေါ် ဆောင်ရွက်စေသင့်ကြောင်း ၎င်းက ဆိုသည်။

ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် တိုင်းဒေသကြီး၏ အသုံးစရိတ်ဖြင့်လုပ်သည့် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း မပြီးသည့်အတွက် ပြည်ထောင်စုအစိုးရ သို့ ပြန်အပ်လိုက်ရသည့် ဖြစ်စဉ်များ လည်းရှိသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က သတ်မှတ်ကာလအတွင်း လုပ်ငန်းမပြီး ပြတ်သည့်အတွက် ငွေကျပ် နှစ်ဘီလီယံခန့် ပြန်အပ်လိုက်ရကြောင်း တိုင်းရသုံး ဌာနထံမှ သိရသည်။

ထိုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အသုံးစရိတ်အဖြစ် စုစုပေါင်း ငွေကျပ် ၁၆၀ ဘီလီယံခန့် သုံးစွဲရန်ခွင့်ပြုခဲ့ပြီး နှစ်ဘီလီယံခန့်ကို ပြန်အပ်လိုက်ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ ဘတ်ဂျက်မည်မျှပြန်အပ်လိုက်ရကြောင်း မထုတ်ပြန်သေးပေ။