မေးပါများရင် ကောင်းသလား

0
512

ကျွန်တော်တို့ရဲ့ငယ်ဘဝတွေဟာ ပုံပြင်တွေ၊ စကားပုံတွေ၊ ဒဏ္ဍာရီဇာတ် လမ်းတွေနဲ့ပွေ့ဖက် ကြီးပြင်းခဲ့ရတာပါ။ ကျေးလက်မှာကြီးပြင်းခဲ့ရသူပီပီ စာအုပ် စာပေတွေနဲ့လည်း အလှမ်းဝေးတော့ လူကြီးသူမတွေ ပြောပြကြတဲ့ ပုံပြင်တွေ၊ စကားပုံတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေကိုသာ စိတ်ဝင်တစားနားထောင်ခဲ့ရတယ်။ အဲဒီထဲမှာ မောင်ပေါက်ကျိုင်းရာဇဝင်ဟာလည်း တစ်ပုဒ်အပါအဝင်ပေါ့။ နောက်ပိုင်း ဗီဒီယိုတွေပေါ်လာတော့ မောင်ပေါက် ကျိုင်းရာဇဝင်ကို ဗီဒီယိုအဖြစ် ကြည့် ရှုခွင့်ရခဲ့ပြန်ပါတယ်။

မောင်ပေါက်ကျိုင်းရာဇဝင်ထဲက “မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်” ဆိုတဲ့ စကားကြီးသုံးခွန်းဟာ ပေါ်ပြူလာအဖြစ်ဆုံးဖြစ်မှာပါ။ အဲဒီစကားသုံးခွန်းက မောင်ပေါက်ကျိုင်းအတွက်တော့ အသုံးတည့်ခဲ့တယ်။ ဒါပေမဲ့ အခုလက်တွေ့ ကျကျ စဉ်းစားကြည့်ရင်တော့ အထွန့်တက်စရာလေးတွေ ပေါ်လာတယ်။ ကျွန်တော့်ကို အတွေးလွန်တယ်ပဲ ပြောပြော၊ ကန့်လန့်တိုက်တယ်ပဲ ပြောပြော လက်ခံရမှာပါပဲ။ ကျွန်တော် အတွေးနယ်ချဲ့နေမိတယ်။

အဲဒီ စကားကြီးသုံးခွန်းထဲက “သွားပါများ ခရီးရောက်” ကိုတော့ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ဘာနဲ့သွားလို့ ဘယ်လောက်ခရီးရောက်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ “မအိပ်မနေ အသက်ရှည်” ဆိုတာကတော့ နိုးနိုးကြားကြားနေဖို့၊ သတိလေးကပ်ပြီးတော့အိပ်ဖို့ ပြောလို ဟန်ရှိပါတယ်။ ဒါကိုပဲ အယူအဆလွဲပြီး ညလုံးပေါက် မအိပ်ဘဲ နေမယ်ဆိုရင်တော့ ကြာလာရင် ကျန်းမာရေးထိခိုက် လာဖို့ သေချာပါတယ်။ ပထမအဆင့် အနေနဲ့ စိတ်မူမမှန်ဖြစ်လာမယ်၊ နောက်ဆုံး အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။ အဲဒီအထဲကမှ “မနေ” ဆိုတာ ဘာကို ဆိုလိုသလဲ တွေးကြည့်ဖြစ်ပြန်တယ်။ “မနေ” ဆိုတာ မိဖုရားနဲ့ အတူမအိပ်တာ ကို ပြောတာလား။ ဒါမှမဟုတ်ရင် အတူ မနေတာကို ပြောတာလား။ နှစ်ခုစလုံးကို ဆိုလိုတာလား ကျွန်တော် တွေးတော နေမိတယ်။ ဘာပဲပြောပြော ငယ်စဉ်တုန်းကတော့ အဲဒီစကားတွေကို အတော်ကို သဘောကျပြီး နှစ်ခြိုက်လက်ခံခဲ့ပါတယ်။ အတော်ကို အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့လည်း ချီးကျူးခဲ့မိ သေးတယ်ဆိုတာ ဝန်ခံပါတယ်။

“မေးပါများ စကားရ” ဆိုတာ အမှန် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ မေးနေရုံနဲ့ မလုံလောက်တော့ဘူးလို့ ဆိုချင်ပါတယ်။ ကိုယ်က ပိုပြီးတော့ ကျယ်ကျယ်ပြန့်သိချင်ရင် မေးနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ကိုယ်တိုင် ရှာမှ ရတော့မှာပါ။ အခုခေတ်မှာတော့ ကိုယ်သိချင်တာသိဖို့ အတော်ကို လွယ်ကူလာတာတွေ့ရပါတယ်။ ကိုယ်သိချင်တာ သိရဖို့ စာကြည့်တိုက်သွားစရာ မလိုလောက်အောင်ကို ပြည့်စုံတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ သုတေသနလုပ်ချင်တဲ့သူတွေ၊ စာတမ်းပြုစုတဲ့သူတွေကတော့ အကိုးအကားခိုင်လုံဖို့လိုတဲ့အတွက် စာကြည့် တိုက်သွားဖို့ လိုအပ်မယ်ထင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဗဟုသုတအလို့ငှာ သိရှိရုံလောက်ဆိုရင်တော့ Google မှာ ရှာလိုက်ရင်ကိုပဲ အတော်လေး ပြည့်ပြည့် စုံသိခွင့် ရကြမှာပါ။ ဒါပေမဲ့ အများစုက တော့ ရှာဖို့ထက် မေးဖို့ကို ပိုအားသန်ကြတာ တွေ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံက ကျောင်းသား အများစုက မေးရမှာ ကြောက်ကြပါတယ်။ ဒါကလည်း ကျွန်တော်တို့ရဲ့ လူ့ဘောင်အသိုင်းအဝိုင်းက နေရာတကာမှာ အကြောက်တရားနဲ့ အသားကျခဲ့ကြ တာကြောင့်လည်း ဖြစ်မှာပါ။ မိဘက အစ နိုင်ငံတော်ကို အုပ်ချုပ်သူအဆုံး အကြောက်တရားကို အခြေခံပြီး ထိန်း ကျောင်းအုပ်ချုပ်လာခဲ့ကြတာ မဟုတ်လား။ ဒီတော့ မေးရမှာကို ကြောက်သွား ကြတာ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဆရာတွေကလည်း ပြန်မေး၊ ပြန်ပြောတာ သိပ်မကြိုက်ကြဘူးမဟုတ်လား။ သိတာမမေးဘဲနဲ့ သူမသိတာ မေးမှာ ကြောက်လို့ မမေးရဲအောင် ဖြဲခြောက်ထားတဲ့ ဆရာတွေလည်း ရှိကောင်းရှိ မှာပါ။ အဲဒီတော့ ကျောင်းသားလေးတွေမှာ မေးသင့်သလောက်ကို မမေးရဲတော့ တဲ့ အနေအထား ရောက်သွားရတော့တယ်။ လူကြီးမိဘတွေဆိုရင်လည်း အများ စုက ကလေးတွေ မေးခွန်းထုတ်တာများရင် စပ်စုလွန်းတယ်ဆိုပြီး ဆူကြပြန် ရော။ ဒီတော့ ကလေးတွေခမျာ သိချင်ပါလျက် မေးခွန်းမထုတ်ရဲကြတော့ဘူး။

မေးခွန်းအမေးများခြင်းအပေါ်မှာ ကျွန်တော်သံသယဝင်လာတာ တစ်ခုရှိ နေပါတယ်။ စိုးရိမ်စိတ် များတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်သမီးနဲ့ ကျွန်တော် အတူတူတွဲပြီး တီဗီကြည့်တဲ့အချိန်မျိုးမှာ သမီးအနေနဲ့ ကျွန်တော့ကို မေးခွန်းတွေ တရစပ်မေးပါတော့တယ်။ တစ်ခါ တစ်ခါ သူ့ကို ဖြေပေးနေရတာနဲ့တင် ဇာတ်ကားအကြောင်းအရာတွေက လွတ်သွားရော။ မေးခွန်းမေးတာ သဘောကျပေမဲ့ မေးလွန်းအားကြီးတဲ့အခါမှာ တစ်ခါ တစ်ခါ စိတ်မရှည်ဘူး ဖြစ်လာတယ်။ နောက်ပြီးတော့ တချို့သောသူ့ရဲ့မေးတဲ့ မေးခွန်းတွေက သူ့အသက်အရွယ်နဲ့သူ ကိုယ်တိုင် စဉ်းစားရင်လည်း ရနိုင်တယ်လို့ ကျွန်တော် ထင်နေမိတယ်။

ကျွန်တော် စိုးရိမ်တာက သိချင်တာကို မေးပဲမေး နေမယ်ဆိုရင် အသက်ကြီးလာရင် ကိုယ့်အားကိုယ်ကိုးချင်စိတ် ပျောက်သွားမှာကို စိုးရိမ်မိတယ်။ သိချင်တာကို အလွယ်တကူ အမြဲမေးလို့ရနေရင် ကိုယ်ပိုင်စဉ်း စားတွေးခေါ်ဉာဏ် အားနည်းသွားမှာ ကိုလည်း စိုးရိမ်တာပါ။ တစ်ခါတလေမှာတော့ သူ့ကို အစဖော်ပေးပြီးတော့ ကိုယ်တိုင် ပြန်စဉ်းစားခိုင်းရပါတယ်။ သူ့မေးတဲ့မေးခွန်းကို သူ့ကိုမေးခွန်းပြန် မေးပြီးတော့ အဖြေရှာတဲ့နည်းကို ပြန်သုံးရပါတယ်။

မြွေနဲ့လူ ဘယ်သူပိုကြီးသလဲဆိုတဲ့ မေးခွန်းမျိုးကိုကျတော့ လူထက်ငယ်တဲ့ မြွေလည်းရှိတယ်၊ လူထက်ကြီးတဲ့ မြွေ လည်းရှိတယ်လို့ ပြန်ဖြေပေးရပါတယ်။ အဲဒီမှာ လူထက်ကြီးတဲ့မြွေက ဘာမြွေ တွေလည်းမေးလာရင် Anaconda မြွေကြီးတွေအကြောင်း ရှင်းပြရပြန်ပါတယ်။ ပါးစပ်နဲ့ပြောပြလို့ အားမရသေးရင် Google မှာ ရှာပြီးတော့ ပြပေးရပြန်ရော။ ကာတွန်းကားတွေ ကြည့်ပြီးတော့ ဒါက အတုလား၊ အစစ်လားဆိုတဲ့ မေးခွန်းမျိုး တွေကိုလည်း ခဏခဏမေးပြန်တယ်။ အဲဒီအချိန်မှာဆိုရင်တော့ Anaconda အကြောင်းတွေ ပြောပြရပြန်ရော။ ရုပ်ရှင်တွေထဲမှာ သရုပ်ဆောင်နေတာတွေက အတုလား၊ တကယ်ဖြစ်နေတာလား မေးတယ်။ သတင်းနဲ့ အင်တာဗျူး ဘာကွာလဲ။ သတင်းကြေညာနေတဲ့ သူကိုကြည့်ပြီး အတုလား၊ အစစ်လား။ သရုပ်ဆောင်နေတာလား မေးနေပြန်ရော။ သတင်းကြေညာတဲ့သူက သမီးတို့ ကြည့်နေတာကို သိသလားဆိုတဲ့ မေးခွန်းကလည်း ပါပြန်သေးတယ်။ ပါတီ သတင်းတွေလာရင်လည်း သူက ဘယ်သူ့ဘက်ကလည်း။ ဘာဖြစ်လို့ ဒေါ်အောင်ဆန်း စုကြည်ကို အားမပေးတာလဲ မေးနေပြန် ရော။ ရှေးခေတ် ရုပ်ရှင်ကားတွေကြည့်ပြီးတော့ ဘာဖြစ်လို့ မဲနေတာလဲဆိုတဲ့ မေးခွန်းမျိုးကလည်းပါသေး။ သူမေးတဲ့ မေးခွန်းတွေအကြောင်း ရေးပြနေရရင် ဆုံးနိုင်တော့မှာမဟုတ်ဘူး။ ဒီမေးခွန်း တွေမေးတာကိုတော့ ကျွန်တော်လက်ခံလို့ရပါတယ်။ ဒါပေမဲ့လည်း သိချင်သမျှ မေးလို့ရနေရင် ကိုယ်ပိုင်အားထုတ်မှု မရှိဘဲဖြစ်သွားမှာကို စိုးရိမ်မိတယ်။

မေးတာနဲ့ပတ်သက်ပြီးတော့ စိတ်ပျက်စရာလူတွေကိုလည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့မြင်နေရတယ်။ Group တွေထဲမှာ၊ ဆရာဝန်ကြီးတွေရဲ့ ပို့စ်တွေ အောက်မှာ၊ Page တွေမှာ၊ နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေရဲ့ ပို့စ်တွေအောက်မှာ ကိုယ်တိုင်သိအောင် လုပ်ဖို့ သိပ်မခက်ခဲတဲ့ အရာတွေကို လာမေးနေကြတာမြင်ရတော့ စိတ်ပျက်မိပါတယ်။ ဥပမာ အင်္ဂလိပ်စာလုံးတစ်လုံးရဲ့ အဓိပ္ပာယ် အဘိဓာန်ထဲမှာ အလွယ်တကူ ရှာလို့ရရဲ့သားနဲ့လည်း Comment Box မှာ မေးနေကြတာ တွေ့ရပြန်ရော။ ဒါလေးတောင် ရှာရပျင်းနေရင် အင်္ဂလိပ်စာ ဘယ်လိုလုပ်ပြီး တိုးတက်တော့မလဲ။ တကယ်ခက်ခဲလို့၊ နားမလည်နိုင်လို့၊ ဒွိဟဖြစ်နေလို့ မေးရင်တော့ မပြောလိုပါဘူး။ အလွယ်လိုက်လွန်းကြတယ်လို့ မြင်မိတယ်။

“မသိရင်မေး၊ မစင်ရင်ဆေး” ဆို တာကို လက်ခံပါတယ်။ ဒါပေမဲ့ မေးတိုင်းလည်း ကောင်းတာတော့ မဟုတ်ပါဘူး။ တချို့ကိုယ်မေးတဲ့မေးခွန်းတွေက ပေါလွန်းနေပြန်ရင်လည်း ကိုယ့်ကိုလူအထင် သေးစေပါတယ်။ နောက်ပြီးတော့ သူများကို မေးလို့မြန်းလို့သိရတယ်ဆိုတာက သူပြန်ဖြေပေးသလောက်ပဲ သိရမှာပါ။ အဲဒါဆိုရင်တော့ ကိုယ့်ရဲ့သိမှုနယ်ပယ်က ကျဉ်းသွားနိုင်ပါတယ်။ ကိုယ်သိချင်တာကို ကိုယ်တိုင်ရှာဖွေခြင်းက ကိုယ့်ရဲ့သိမှုနယ်ပယ်ကို ပိုကျယ်စေနိုင် ပါတယ်။ ကိုယ်သိချင်တာနဲ့ဆက်စပ်တဲ့ တစ်ခြားအကြောင်းအရာတွေကိုပါ ထပ်သိရလို့ ကိုယ့်အတွက် ပိုအကျိုးရှိစေပါတယ်။ မေးတာနဲ့ပဲ လမ်းဆုံးမနေဘဲနဲ့ ကိုယ်တိုင်ရှာဖွေပြီးတော့ သိအောင်လုပ်တဲ့ အဆင့်ထိရောက်အောင် သွားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါပေမဲ့ တချို့သော အခမ်းအနားတွေမှာ အမေးအဖြေအစီအစဉ်ပါလို့ မေးပါလို့လမ်းဖွင့်ပေးရင်တော့ တွန့်ဆုတ်မနေဘဲ အားမနာတမ်းမေးဖို့ တိုက်တွန်းပါရစေ။ နောက်ပြီး မေးခွန်းတွေများများမေးရမယ့် လွှတ်တော်လိုနေရာမျိုးကို အမတ်တစ်ယောက်အနေနဲ့ ရောက်ရှိခဲ့ မယ်ဆိုရင်လည်း အပျင်းထူမနေဘဲနဲ့ ကိုယ့်မဲဆန္ဒနယ်ကပြည်သူတွေကိုယ်စား မေးခွန်းတွေ များများမေးပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ တချို့နေရာမှာသာ မေးလွန်းလို့ စိတ်ပျက်ရနိုင်ပေမဲ့ လွှတ်တော်မှာတော့ မေးလွန်းလို့ စိတ်ပျက်စရာ မရှိပါဘူး။ စံချိန်တင်ရင် တင်သွားပါစေ မေးခွန်းတွေ ခပ်များများ သာမေးပေးခဲ့ကြပါလို့ ထပ်မံတိုက်တွန်း လိုက်ပါရစေ။

သန်းဇော်ဦး (ရလိုင်)