ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည်

0
362
Dawei Watch, Dawei News, Dawei News Media

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့အမီ မလာရောက်နိုင်ကြသည့် ငါးဖမ်းလှေလုပ်သားများအနေနှင့် ကြိုတင်မဲ ပေးနိုင်စေရေး တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။

ရွေးကောက်ပွဲ ဥပဒေအရ ကြိုတင် မဲပေးခွင့်သူများ သတ်မှတ်ထားမှုတွင် ရေလုပ်သားများမပါဝင်ပေ။

သို့သော် ကမ်းသို့အချိန်မီ မလာရောက်နိုင်ကြသည့် ရေလုပ်သားများအတွက် မဲပေးပိုင်ခွင့် မဆုံးရှုံးဆုံးစေရန် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြသွားမည်ဟု မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးငွေဝင်းက ပြောသည်။

“ခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ညွန်ကြားမှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု ဦးငွေဝင်းက ပြောသည်။

မြိတ်ခရိုင်အတွင်း ပင်လယ်ပြင်သို့ လချီကြာငါးဖမ်းထွက်ကြသည့် ကမ်းဝေးငါးဖမ်းလှေ တစ်ထောင်ကျော်ရှိပြီး ကမ်းဝေးရေလုပ်သား သုံးသောင်းကျော် ရှိနေသည်။

ကြိုတင်မဲကို မဲရုံသို့မလာရောက်နိုင်သည့် အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါရှိသူ၊ နေအိမ်တွင် ရောဂါ အပြင်းအထန် ခံစားနေရသူ၊ မီးဖွားနေ သူ၊ မသန်စွမ်းသူ၊ အချုပ်ခံထားရသူ၊ ဆေးရုံသို့တက်ကုနေရသည့် အတွင်းလူနာ၊ ရွေးကောက်ပွဲ ကျင်းပဆဲကာလတွင် မဲစာရင်းပါသည့် ဒေသမှကျော်လွန်ပြီး တစ်ခြားတစ်နေရာတွင် တာဝန်ထမ်းဆောင် နေရသည့်ဝန်ထမ်း စသည်များသာ ကြိုတင်မဲပေးပိုင်ခွင့်ရှိကြောင်း ၎င်းက ပြောပြသည်။

မြို့နယ်ပြင်ပ ကြိုတင်မဲ ထည့်ထားသူ လက်ရှိ နှစ်ထောင်ဦးကျော် ရှိနေပြီး မြို့နယ်အတွင်းကြိုတင် မဲများကိုမူ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက် အတွင်း ထည့်ရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း ကမ်းဝေးငါးဖမ်း ရေလုပ်သားများမှာ ကြိုတင်မဲပေးခွင့် ရရှိခဲ့ကြကြောင်း ငါးဖမ်းလှေ လုပ်ငန်းရှင် အသိုင်းအဝိုင်းမှသိရသည်။

ကိုဆန်း