ကရင်၊ မွန်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း တိုင်းရင်းသားလူငယ်များ ပူးပေါင်းအင်အားပြ

0
313
Dawei Watch, Dawei News, Dawei News Media

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေး ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကို ထောက်ခံကြောင်း ပြည်နယ်အတွင်းရှိ ကရင်၊ မွန်နှင့် ပအိုဝ်းလူငယ်များ ပူးပေါင်းပြီး သထုံမြို့တွင် အင်အားပြခဲ့ကြသည်။

အဆိုပါ မွန်၊ ကရင်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း အင်အားပြသည့် ပွဲသို့ တိုင်းရင်းသားလူငယ်များအပြင် တိုင်းရင်းသားပါတီတို့ကို အားပေးထောက်ခံကြသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အင်အားထောင်ချီရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။

သထုံမြို့နယ် မဲဆန္ဒနယ်များတွင် ကရင်ပြည်သူ့ပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့ကသာ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသားပါတီများ အားကောင်းကြောင်းကို ပြချင်သည့်အတွက် မွန်လူငယ်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

“မွန်ပါတီ ဝင်မပြိုင်တဲ့ သထုံမှာ အခြား ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကရင်ပါတီ ပအိုဝ်းပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ဝန်းရံတာပါ။ ဒီမှာရှိတဲ့ မွန်တိုင်းရင်းသားတွေကိုလည်း မွန်ပါတီအစား ကရင် ပအိုဝ်းပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့လည်း ပြောချင်ပါတယ်” ဟု မွန်လူငယ် မင်းချမ်းထောက ပြောသည်။

ကရင်နိုင်ငံရေးပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တို့တွင် မွန်လူမျိုးကိုယ်စားပြု မွန်ပါတီနှင့် ပအိုဝ်း လူမျိုးကိုယ်စားပြု ပအိုဝ်းပါတီတို့ကို မဲပေးကြရန် မွန်ပြည်နယ်အတွင်းရှိ ကရင် မဲဆန္ဒရှင်များကို ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) က တိုက်တွန်းထားသလို ပအိုဝ်းလူငယ်တို့ကလည်း ကြေညာချက်ထုတ်ပြီး ပအိုဝ်းမဲဆန္ဒရှင်များကို အလားတူ တိုက်တွန်းထားသည်။

မွန်လူငယ်တို့ကလည်း လာမည့် ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီကို ဝန်းရံသွားမည်ဟု ထုတ်ဖော်ပြော ကြားထားပြီး မွန်ပါတီဝင်မပြိုင်သည့် ဒေသတို့တွင် အခြား ညီနောင်တိုင်းရင်း သားများဖြစ်သည့် ကရင်နှင့် ပအိုဝ်းပါတီ တို့ကို ဝန်းရံသွားမည်ဟု ပြောဆိုထားသည်။

“တိုင်းရင်းသားပါတီတွေ အားကောင်းလာဖို့၊ တိုင်းရင်းသားတွေ တန်းတူအခွင့် အရေးရရှိဖို့နဲ့ နောက်လွှတ်တော်မှာ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှု ပိုအားကောင်းလာဖို့ တိုင်းရင်းသားပါတီတွေကို မဲပေးဖို့ လိုတယ်” ဟု ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌ နန်းမာမာဇင်က ပြောသည်။

တိုင်းရင်းသားတို့၏အရေး၊ တိုင်းရင်းသားတို့၏ ပြဿနာကို တိုင်းရင်းသားတို့ကသာ ဖြေရှင်းပေးနိုင်မှာဖြစ် သည့်အတွက် တိုင်းရင်းသားပါတီများကို မဲပေးကြရန် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်) ကလည်း တိုင်းရင်းသားမဲ ဆန္ဒရှင်တို့ကို တိုက်တွန်းထားသည်။

မွန်ပြည်နယ်တွင် ကရင်ပြည်သူ့ ပါတီတစ်ပါတီက ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် လွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ် ခုနစ်နေရာ နှင့် ကရင်တိုင်းရင်းသားရေးရာ တစ်နေရာ စုစုပေါင်း ရှစ်နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီကလည်း မွန်ပြည်နယ် သထုံမြို့နယ်ရှိ မဲဆန္ဒနယ် နှစ်နေရာနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာ တစ်နေရာ စုစုပေါင်း သုံးနေရာနှင့် မွန်ညီညွတ်ရေးပါတီကမူ မွန်ပြည်နယ် မြို့နယ် ရှစ်ခုတို့တွင် ၃၅ နေရာဝင်ပြိုင်သွားမည် ဖြစ်သည်။