သက်ကြီးဘိုးဘွားထောက်ပံ့ငွေ အလွဲသုံးမှုဖြင့် အုပ်ချုပ်ရေးမှူး ရာထူးမှဖယ်ရှားခံရ

0
1467
Dawei Watch, Dawei News, Dawei News Media

နိုင်ငံတော်မှ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထောက်ပံ့ပေးသည့်ငွေကြေးအား နှစ်နှစ်ကျော်ကြာသည်အထိ မပေးဘဲထားသည်ဟုဆိုကာ ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးကို ရာထူးမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

၎င်းကို တိုင်းအစိုးရ၏ညွှန်ကြားချက်အရ အောက်တိုဘာလ ၁ ရက်နေ့ မှစတင်၍ အုပ်ချုပ်ရေးမှူးရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

“တာဝန်က ရပ်ပါဆိုတော့ ကျွန် တော်တို့ ရပ်ပေးလိုက်ပြီ။ တာဝန်က ရပ်ပြီးတော့ သူအကြွေးတွေလည်း ပြန်ဆပ်လို့ ဆပ်ပြီးသွားပြီနော်၊ အကုန်လုံး” ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။

တီဇစ်အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် ထပ်တိုင်ခံရ

လူမှုရေးပင်စင်ရနေသည့် ဘိုးဘွားများ၏ ထောက်ပံ့ငွေကို ကာယကံရှင် ဘိုးဘွားများကို မပေးဘဲ အမည်စာရင်းတွင် မပါဝင်သူများကို ပေးသည်ဟုလည်း ဦးအောင်ဆန်းဝင်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးမှ ပြန်လည်ပေးလျော်သည့် ငွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေမရခဲ့သည့် ဘိုးဘွားများအား သွားရောက်ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းက ပြောသည်။

ရှင်မုတ္ထီးကျေးရွာအုပ်စုတွင် ကျေးရွာသုံးရွာရှိပြီး လူမှုရေးပင်စင်ရနေသည့် ဘိုးဘွား ၃၁ ဦးရှိသည်။

လူမှုဝန်ထမ်းဦးစီးဌာနက လာရောက်၍ သက်ကြီးရွယ်အို ဘိုးဘွားများကို ကိုဗစ်ထောက်ပံ့ကြေးပေးသည့်အခါမှသာ စော်ဝကျေးရွာမှ ဘိုးဘွား ၁၈ ဦးမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက လူမှုရေးပင်စင်ရနေသည်ကို သိရှိခဲ့သည်ဟု ရှင်မုတ္ထီးကျေးရွာအုပ်စုဝင် စော်ဝ ကျေးရွာသားအချို့က ဆိုသည်။

စော်ဝကျေးရွာတွင် ဘိုးဘွား ၁၈ ဦး၏ လူမှုရေးပင်စင်ကို မပေးဘဲ ရှင်မုတ္ထီးကျေးရွာ အုပ်ချုပ်ရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာနတွင် လအလိုက် ထုတ်ယူထားသည့်စာရင်းကို တွေ့ရှိရသည်ဟု ယင်းကျေးရွာမှ ဆယ်အိမ်ခေါင်းဖြစ်သူ ဦးကြည်စိန်က ပြောသည်။

ထို့ကြောင့် ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဒေသခံ ရွာသား ၂၀ ခန့်လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၁၄ ရက်နေ့က သက်ဆိုင်ရာဌာနများကို တိုင်ကြားခဲ့ခြင်းဖြစ်သည် ဟု ယင်းရွာသားများက ပြောသည်။

“ကျွန်တော်တို့ရင်ထဲမှာတော့ သိပ်မကျေနပ်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတော်ပိုက်ဆံကို အလွဲသုံးစားလုပ် ပြီးတော့ မပေါ်ဘဲနေရင်လည်း စားမယ်၊ ပေါ်ရင်လည်း လျော်မယ်ဆိုပုံစံမျိုး။ ဥပမာပေါ့နော် ပြစ်ဒဏ်တစ်ခုခုနဲ့ ရာဇဝတ်ကြောင်းနဲ့ဖြစ်ဖြစ် တစ်ခုခု အရေးယူစေချင်တယ်ပေါ့နော်” ဟု ဦးကြည်စိန်က ဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်နှင့် သုံးလကတည်း လူမှုရေးပင်စင်ရနေသည့် ဘိုးဘွား ၁၈ ဦးတွင် ၆ ဦးမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဦးကြည်စိန်က ပြောသည်။

စော်ဝကျေးရွာမှ ဘိုးဘွားအမည်များမှာ ရှင်မုတ္ထီးကျေးရွာစာရင်းတွင် ပါဝင်နေသည်ကို အုပ်ချုပ်ရေးမှူးမှ စီမံခန့်ခွဲမှုလွဲမှားစွာဖြင့် ရှင်မုတ္ထီးကျေးရွာရှိ အမည်စာရင်းမပါသူများကို ထောက်ပံ့ကြေးပေးခဲ့ခြင်းသာဖြစ်သည်ဟု ရှင်မုတ္ထီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်က ပြန်လည်ဖြေရှင်းပြသည်။

“စော်ဝကျေးရွာအမည်ဖြင့် ဘိုးဘွားများစာရင်းအရ မထုတ်ခဲ့ဖူးပါ။ အဲဒါက သူတို့ရွာဘက်က လူနာမည်ပါ ပြီးတော့ နေရပ်လွဲမှားမှုကို ကိုသက်စိုးပိုင်က စီမံခန့်ခွဲမှုမှားတာမျှပဲ။ အဲဒါက ကိုသက်စိုးပိုင်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခြင်း၊ ကျေးရွာရဲ့ဂုဏ်ကို ညှိုးနွမ်းစေခြင်း ပြုလုပ်ဆောင်ရွက်ခြင်းသာဖြစ် ပါတယ်” ဟု ၎င်းက ဆိုသည်။

ငွေကြေးပေးလျော်ခြင်းကိုမူ ကျေးရွာ၏ ဂုဏ်သိက္ခာနှင့် ရွာနှစ်ရွာ ပဋိပက္ခ မဖြစ်စေရန် ရည်ရွည်ချက်ဖြင့် ရှင်မုတ္ထီးကျေးရွာ ဆရာတော်က စိုက်ထည့်ပေး ထားခြင်းဖြစ်သည်ဟု ဦးသက်စိုးပိုင်က ပြောသည်။

ယင်းကိစ္စနှင့်ပက်သက်၍ ပြန်လည်စိစစ်ပေးရန် ရွာသူရွာသားများ၏ လက်မှတ်ဖြင့် သက်ဆိုင်ရာသို့ ဆက်လက်တင်ပြသွားမည်ဟု ဦးသက်စိုးပိုင် က ဆိုသည်။

ရှင်မုတ္ထီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်ကို ရာထူးမှဖယ်ချခဲ့ပြီး ငွေကြေးများပြန်လည်ပေးလျော် စေခဲ့သည့်အပေါ် ရွာသားများက မကျေနပ်နိုင်ဘဲ တရားဥပဒေလမ်းကြောင်းအတိုင်းသာ ပြစ်မှုပြစ်ဒဏ်ကျခံ စေလိုသည်ဟု စော်ဝကျေးရွာသား အချို့က ပြောသည်။

“လျော်ပေးတာကတော့ လျော်ပေးတဲ့လမ်းပေါ့နော်။ ဒါပေမဲ့ လူက ပြစ်ဒဏ် ကျူးလွန်ထားပြီးရင်တော့ ပြစ်ခံ ရမှာကတော့ အမှန်တရားပေါ့နော်။ တရားသဖြင့် ပြစ်ဒဏ်ကျမှကို ကျေနပ်နိုင်မယ်။ အဲဒါမှလည်း နောက်ထပ် လုပ်လာတဲ့ အမှုတွေရှိတယ်ဆိုရင် ကျန်လူတွေက ဆင်ခြင်ရဖို့” ဟု စော်ဝ ကျေးရွာမှ ကိုဟိန်းမင်းပိုင်က ဆိုသည်။

သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် တစ်ဦးလျှင် လစဉ် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးပြီး ကိုဗစ် ကပ်ရောဂါကာလတွင် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် သုံးသောင်းကို လူမှုဝန် ထမ်းဦးစီးဌာနက နှစ်ကြိမ်ထောက်ပံ့ပေးသည်။

မိုးမြင့်