ဉာဏ်ပညာအားဖြင့် ရုန်းထွက်ကြပါစို့

0
498

တချို့အကြောင်းအရာတွေဟာ စိတ်နှလုံးထဲကို ဝင်ရောက်နေရာယူလိုက် ပြီးရင် အချိန်အတန်ကြာသည့်တိုင် မေ့ပျောက်လို့မရဘဲ ထပ်ဆင့်အတွေး တွေနဲ့ တဝဲလည်လည် ဖြစ်နေတတ်တာ မျိုးတွေကို ကျွန်မဘဝမှာ ခဏခဏ ကြုံရပါတယ်။ အထူးသဖြင့် ကိုယ့်ဘဝ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတာတွေနဲ့ တိုက်ဆိုင်တူညီတဲ့ အကြောင်းအရာတွေဆိုရင် တော်ရုံမေ့ပျောက်လို့ မရဘဲ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းကို ရှာချင်စိတ်နဲ့ ဘယ်လိုမျိုး လုပ်မှ ကောင်းမွန်တဲ့အဖြေမျိုး ရမှာပါလိမ့်ဆိုတဲ့ အတွေးတွေနဲ့ ကျွန်မ လုံးချာလည်လိုက်လေ့ ရှိပါတယ်။

အခုလည်း ကျွန်မဖတ်လိုက်ရတဲ့ စာအုပ်တစ်အုပ်ကို အကြောင်းပြုပြီး တဝဲလည်လည်အတွေးတွေက ကျွန်မကို နှိပ်စက်ကလူ ပြုနေပြန်ပါပြီ။ ဒီစာအုပ်ကို လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဖတ်ထားခဲ့ပေမဲ့ အခုအချိန်အထိ စိတ်ထဲမှာ မကျေလည်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အဖြေရှာမရမှုတွေနဲ့ အဲဒီဇာတ် လမ်းအကြောင်းကို ထပ်ခါတလဲလဲ တွေးနေမိတယ်။

စာအုပ်ရဲ့နာမည်က “ကဘူးလ်မြို့ က စာအုပ်ဆိုင်ပိုင်ရှင်” တဲ့။ စာရေး ဆရာမ “Asne Selerstad” ရဲ့ “The Bookseller of Kabul” ဝတ္ထုကို စာရေးဆရာ “စိန်ဝင်းစိန်” က မြန်မာ ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ အာဖဂန် နစ္စတန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကဘူးလ်မြို့မှာ စာအုပ်တွေရောင်းတဲ့ စာအုပ်ဆိုင်ပိုင်ရှင် မိသားစုအကြောင်းကို ရေးဖွဲ့ ထားတယ်ဆိုပေမဲ့ အာဖဂန်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ နိုင်ငံရေးအခြေအနေ တွေကိုလည်း ဒီစာအုပ်မှာ လေ့လာခွင့်ရခဲ့ပါတယ်။ ၂၀ဝ၁ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အာဖဂန်အခြေအနေကို အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားတာ တွေ့ရပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံနဲ့ပတ်သက်ပြီး ကျွန်မဆယ်ကျော်သက်အရွယ်မှာ သိထားတဲ့အကြောင်းက တစ်ခုတည်းရှိပါတယ်။ အဲဒီနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ မဟာဖိုဝါဒီရဲ့ ကြီးစိုးမှုအောက်မှာ တိရစ္ဆာန်တစ် ကောင်နီးပါး အသက်ရှင်သန်နေကြရတယ်ဆိုတာ ပါပဲ။

ဒီလိုသိတဲ့အသိက ကျွန်မဖတ်ဖူးထားတဲ့ စာလေးတစ်ကြောင်းနဲ့ ဆက်စပ်ပါတယ်။ အမျိုးသမီးစာရေးဆရာမ တစ်ယောက်ရေးထားတဲ့ စာတစ်ပိုဒ်မှာ သူ့ရဲ့ ဆုတောင်းစကားကို ဒီလိုရေးထား ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက် က ဖတ်ခဲ့ရတဲ့ အဲဒီစာကြောင်းကို ကျွန်မ အခုအချိန်ထိ မှတ်မိနေပါသေးတယ်။ သူ့ရဲ့ ဆုတောင်းကတော့ “တကယ်လို့ နောင်ဘဝမှာ အမျိုးသမီးတစ်ဦး ပြန်ဖြစ်ရမယ်ဆိုရင် အာဖဂန်နစ္စတန် နိုင်ငံမှာ မဖြစ်ပါရစေနဲ့” တဲ့။ ဒီစာကြောင်းဟာ အာဖဂန်နစ္စတန်ဟာ ဘာပါလိမ့်လို့ ကျွန်မကို စတင်စိတ်ဝင်စားစေတဲ့ စာကြောင်းတစ်ကြောင်း ဖြစ်စေခဲ့ပါတယ်။

အာဖဂန်မှာ အမျိုးသမီးတွေ ဘယ်လို အခွင့်အရေး ဆုံးရှုံးနေကြရတယ်။ အမျိုး သားတွေရဲ့ ကြီးစိုးလွှမ်းမိုးမှုတွေ ဘယ်လိုရှိတယ်။ ဘာသာရေးအစွန်းရောက် တာလီဘန်တွေကြောင့် အမျိုးသမီးတွေရဲ့ဘဝဟာ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ ပြောဆိုခွင့်၊ ဝတ်စားဆင်ယင်ခွင့် စတဲ့ အမျိုးမျိုးသော အခွင့်အရေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်ဆိုတာကို အာဖဂန်အကြောင်း ရေးထားတဲ့ သတင်းအတိုအထွာတွေ၊ ဆောင်းပါးတွေ၊ မိတ်ဆွေတွေ ပြောပြတဲ့ စကားတွေ စတဲ့ နေရာပေါင်းစုံက ကြားခဲ့ရပါတယ်။

အခုဒီ “ကဘူးလ်မြို့က စာအုပ် ဆိုင်ပိုင်ရှင်” ဆိုတဲ့ စာအုပ်ကို ဖတ်ရတဲ့ အခါ အမျိုးသားတွေက အမျိုးသမီးတွေ အပေါ် အနိုင်ယူနှိပ်စက်နေကြတယ်ဆိုတာထက် အာဖဂန်အမျိုးသမီးတွေရဲ့ဘဝ နိမ့်ကျစေရတဲ့ အကြောင်းရင်းဟာ မှားယွင်းတဲ့ စနစ်ရဲ့ဆိုးကျိုးတွေနဲ့ နှစ်ပေါင်း များစွာ အရိုးစွဲ ခေါက်ရိုးကျိုးနေတဲ့ အယူအဆ ဓလေ့ထုံးစံတွေက ပိုပြီး အဓိကကျနေတာ တွေ့ရပါတယ်။

နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ လွဲမှားတဲ့ ရိုးရာဓလေ့ထုံးစံ ကျင့်ဝတ်တွေ၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေ၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ၊ တဂျိမ်းဂျိမ်းဖြစ်နေတဲ့ ပြည်တွင်းစစ်တွေ စတာတွေအပြင် သူတစ်လူ ငါတစ်မင်း အုပ်ချုပ်သူများ ကြားမှာ အာဖဂန်ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုမှာ ထိပ်ဆုံးအဆင့်ကို ရောက်လာခဲ့ပါတယ်။

အုပ်ချုပ်သူ လူတန်းစားရဲ့ အာဏာလုပွဲတွေကြားမှာ ပညာရေးဟာ စုတ် ပြတ်သတ်မှုတွေနဲ့အတူ ကျောင်းမနေ စာမသင်ရတဲ့ လူဦးရေလည်း တဖြည်း ဖြည်း ပိုများလာခဲ့တယ်။ ပညာသင်ခွင့် မရကြတဲ့ အမျိုးသမီးတွေဟာ အိမ်ထဲမှာ ကျွန်တစ်ယောက်လို အလုပ်လုပ်ရခြင်းနဲ့ မိန်းမအချင်းချင်း စုမိရင် အတင်းအဖျင်း ပြောခြင်းကသာ သူတို့တွေရဲ့ဘဝဖြစ် လာပါတော့တယ်။

တာလီဘန်တွေရဲ့ နှိပ်စက်ညှင်းပမ်းမှုကြောင့် ကြောက်ရွံ့ထိတ်လန့် ခဲ့ရတဲ့ အမျိုးသမီးတွေဟာ တာလီဘန်တွေ ဆုတ်ခွာသွားပြီးတဲ့ အချိန်မှာလည်း အရင်က ကြောက်ရွံ့မှုအတိုင်း ဆက်လက် နေထိုင်နေတာကို တွေ့ရပါတယ်။

ကြောက်ရွံ့စိတ်ဟာ အမြစ်တွယ်သွားခဲ့ပြီး အခုလွတ်လွတ်လပ်လပ် သွားလာ ခွင့်ရသည့်တိုင် အမျိုးသမီးတွေဟာ မသွားရဲ၊ မလာရဲ၊ မပြောရဲ၊ မဆိုရဲတွေ ဖြစ်သွားပြီး မျှော်လင့်ချက် ပျက်သုဉ်းမှုနဲ့အတူ မိသားစုရဲ့ ကျေးကျွန်ဘဝကို အလိုလို ခံယူလိုက်ကြပါတော့တယ်။

ကျွန်မတို့ ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေးလိုပေါ့။ နှံကောင်တစ်ကောင် ကို ဖန်ခွက်ထဲထည့်ပြီး အပေါ်က လေးလံတဲ့ အဖုံးတစ်ခုနဲ့ဖုံးထားတော့ နှံကောင် က အပေါ်ကို ခုန်လိုက်တိုင်း ဖန်ခွက်အဖုံးနဲ့ တိုက်မိပြီး ပြုတ်ပြုတ်ကျတယ်။ ကြာလာတော့ ခြေကုန်လက်ပမ်းကျလာရော။ ခုန်ဖို့လည်း မကြိုးစားတော့ဘူး။ အဲဒီအချိန် ဖန်ခွက်အဖုံးကိုဖွင့်ပြီး နှံကောင်ကို လွတ်လွတ်လပ်လပ် ထားလိုက်ပေမဲ့လည်း နှံကောင်ဟာ မခုန်တော့ဘူးတဲ့။ လူတွေရဲ့ နေသားကျတဲ့ စိတ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။ အခုအာဖဂန် က အမျိုးသမီးတွေလည်း အဲဒီနှံကောင် နဲ့အလားတူ ဖြစ်နေမလားပဲ။

အဓိကဇာတ်ဆောင်ဖြစ်တဲ့ စာအုပ် ဆိုင်ပိုင်ရှင်ဖြစ်သူ “စူလတန်ခန်း” ဟာ အာဖဂန်ရဲ့ အစဉ်အလာအရ မိသားစုမှာ သြဇာအာဏာအရှိဆုံးသူဖြစ်ပြီး အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မိသားစုထဲမှာ တစ်ချက်လွှတ်အမိန့်ကို အချိန်မရွေး သုံးစွဲခွင့်ရတဲ့သူ ဖြစ်ပါတယ်။ “စူလတန်ခန်း” ဒီလို စိတ်ဓါတ်မျိုးဖြစ် လာအောင် အာဖဂန်ရဲ့ ဓလေ့ထုံးတမ်းက ပံ့ပိုးပေးလိုက်တယ်ဆိုပေမဲ့ “စူလတန်” ကို အဓိက အနီးကပ် ပံ့ပိုးပေးလိုက်သူကတော့ သူ့ရဲ့အမေကိုယ်တိုင်ပဲ ဖြစ်ပါ တယ်။

“စူလတန်” ရဲ့အမေဟာ တခြား အာဖဂန်မိခင်တွေလိုပဲ သားယောကျာ်းလေးကို ပညာသင်ကြားခွင့်ပေးခြင်း အပါအဝင် မိသားစုမှာ အာဏာအရှိဆုံး သူအိမ်ရဲ့အရှင်သခင်အဖြစ် ပြုစုပျိုး ထောင်ပေးခဲ့ပြီး သမီးမိန်းကလေးတွေ ကိုတော့ ပညာသင်ကြားခွင့် မပေးတဲ့အပြင် အိမ်ထောင်သားမွေးအလုပ်နဲ့ မိသားစုဝေယျာဝစ္စတွေကိုသာ လုပ်ရတဲ့ အာဖဂန်ရဲ့ မိန်းမပီသသူတွေဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ပါတယ်။

ဓလေ့ထုံးစံရဲ့ ရိုက်ချက်ကြောင့် အမျိုးသမီးတွေဟာ မိမိကိုယ်ကို အမျိုးသားတွေထက် နိမ့်ကျနေပါတယ်လို့ အလိုလို ခံယူလိုက်ကြတယ်။ အဆိုးဆုံး ကတော့ အမျိုးသမီးအချင်းချင်း ဖေးမကူညီရမယ့်အစား လှောင်ပြောင်ရယ်မော မှုတွေ၊ ကဲ့ရဲ့ရှုတ်ချမှုတွေနဲ့ နိုင်လိုမင်းထက် အပြုအမူတွေက အာဖဂန်အမျိုး သမီးတွေကြားမှာ အရိုးစွဲပျံ့နှံ့နေတဲ့ ဓလေ့ထုံးစံတစ်ခု ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချမှုတွေ၊ အချင်းချင်း နှိမ့်ချမှုတွေနဲ့ ကျင်လည်နေတဲ့ အဝန်း အဝိုင်းတစ်ခုဟာ မျိုးဆက်တွေတစ်ဆက် ပြီးတစ်ဆက်သာ ပြောင်းလဲသွားတယ်။ အာဖဂန်အမျိုးသမီးတွေရဲ့ဘဝကတော့ ကျေးကျွန်သာသာ အနေအထားကနေ တက်မလာနိုင်ခဲ့ပါဘူး။

အဲဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ခေတ်အဆက်ဆက် ဖြစ်နေတဲ့ ဒီတဝဲ လည်လည် ပြဿနာကြီး ဘယ်အချိန်များမှ အဆုံးသတ်နိုင်မှာလဲလို့ ရင်မောစွာ တွေးမိပါတယ်။ ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ အမျိုးသမီးတွေအကြောင်းနဲ့ အမျိုးသမီးအခွင့်အရေးအကြောင်းကိုလည်း ဆက်စပ်တွေးမိပြန်ပါတယ်။ ကျွန်မ တို့နိုင်ငံက အမျိုးသမီးတွေဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေကို ရရောရကြပါရဲ့လား။ အာဖဂန်နဲ့ နှိုင်းယှဉ်ရင် ကျွန်မ တို့နိုင်ငံက အမျိုးသမီးတွေ ဘယ်အနေ အထားမှာများ ရှိနေကြမှာပါလိမ့်။

ကျွန်မတို့နိုင်ငံမှာ နိုင်ငံရေး၊ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှု စတဲ့ တချို့အနေအထားတွေ အာဖဂန်နဲ့အလားတူနေသည့်တိုင် အမျိုးသမီးတွေကို နှိပ်ကွပ်တဲ့ ရိုးရာ ဓလေ့ထုံးစံတော့ အာဖဂန်လို ဆိုးဆိုး ရွားရွားဖြစ်တာ မရှိပါဘူးလို့ အကောင်းဘက်က တွေးကြည့်မိတယ်။ ကျွန်မတို့ နိုင်ငံက အမျိုးသမီးတွေရဲ့ ဘဝမျှော်လင့်ချက်ဟာ အာဖဂန်ထက် အများကြီးသာ လိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးအချင်းချင်းကြားမှာ ရှုတ်ချဝေဖန်တာ၊ ကဲ့ရဲ့လှောင်ပြောင်တာတွေ ဘယ်အတိုင်းအတာအထိ အရိုးစွဲပျံ့နှံ့နေသလဲ ဆိုတာကို ကျွန်မသိချင်မိပြန်တယ်။

မကြာသေးခင်က အမျိုးသမီးတွေအတွက် အထောက်အပံ့ဖြစ်စေတဲ့ “ဒို့အသံတွေနဲ့ ပံ့ပိုးမယ် ၂၀၂၀” ဆိုတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကတော့ “အမျိုးသမီးတွေဟာ အမျိုးသားတွေဆီကသာမက အမျိုးသမီးအချင်းချင်းရဲ့ အနှောင့်အယှက်ပေးမှုတွေကိုပါ ရင်ဆိုင်ကြရ ပါတယ်” တဲ့။ ဒီစကားသံဟာ ကျွန်မတို့ နိုင်ငံက အမျိုးသမီးများရဲ့ ကိုယ်စားပြု အသံများ ဖြစ်နေခဲ့ရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြရမလဲလို့ ကျွန်မတို့ အရေးတကြီး စဉ်းစားဖို့လိုအပ်နေပြီ ထင်ပါတယ်။

ကျွန်မတို့ဟာ အမျိုးသမီး အခွင့်အရေးတွေရဖို့ တောင်းဆိုကြတဲ့အခါ အမျိုးသမီးတွေကိုယ်တိုင်ကရော ကိုယ့်ရဲ့ ဘဝတူ အမျိုးသမီးအချင်းချင်း ဘယ်လောက်အထိ ဖေးမကူညီမှုတွေ ရှိကြပါသလဲ။ ကိုယ်နဲ့ဘဝတူ အမျိုးသမီး အချင်းချင်း ကူညီဖေးမကြဖို့ အရေးကြီး တယ်ဆိုတာကို ကျွန်မတို့ လူ့အဖွဲ့ အစည်းမှာ လမ်းညွှန်ပြသမှုတွေ၊ လက်တွေ့ ကျင့်သုံးမှုတွေ ရှိနေပါပြီလား။
မိန်းကလေးတစ်ယောက် မုဒိမ်းမှု ကျူးလွန်ခံရတဲ့အခါ ကျူးလွန်သူကို အပြစ်ဖို့ရမယ့်အစား မိန်းကလေးက အနေအထိုင်မတတ်လို့၊ အဝတ်အစားကြောင့်တို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်းတူတဲ့ ဘဝတူ အမျိုးသမီးကိုပဲ ဝိုင်းပြီးအပြစ်တင်ကြတဲ့ အမျိုးသမီးတွေ ကျွန်မတို့ဝန်းကျင်မှာ တွေ့နေရတုန်းပါပဲ။ တရားဝင်လက်ထပ်မထားတဲ့ အမျိုးသမီးတစ်ယောက် မတော်တဆ ကိုယ်ဝန်ရှိသွားတဲ့အခါ အမျိုးသမီးအချင်းချင်း ကူညီဖေးမရမယ့်အစား ဝိုင်းပြီး ကဲ့ရဲ့လှောင်ပြောင်တာမျိုးတွေ လုပ်နေကြတာကို တွေ့ရတုန်းပါပဲ။

ဘာ့ကြောင့် ဒီလို အမျိုးသမီး အချင်းချင်း ကဲ့ရဲ့လှောင်ပြောင်မှုတွေကို လုပ်နေရတာပါလိမ့်။ မိမိတို့ရဲ့ အမျိုးသမီးဖြစ်တည်မှုကို ရှက်ကြောက်တဲ့ စိတ်ကများ အချင်းချင်း လှောင်ပြောင် အပြစ်တင်တာမျိုး လုပ်မိစေသလား။ ဒါမှမဟုတ် ခေတ်အဆက်ဆက် လက်ခံ ကျင့်သုံးလာတဲ့ ရိုးရာဓလေ့ထုံးစံတွေ ကြောင့်လား။ ယဉ်ကျေးမှုလို့ အမည်သတ်မှတ်ထားတဲ့ အမျိုးသမီးတွေအပေါ် ထားတဲ့ စံနှုန်းအလွဲတွေကြောင့်လား။ ဉာဏ်ပညာ နိမ့်ကျမှုတွေကြောင့်လား။ ဒါမှမဟုတ် မပျံရဲတော့တဲ့ နှံကောင်လေးလိုပဲ အရင်က ကြောက်ရွံ့ခဲ့ရဖူးတဲ့ အဖြစ်အပျက်မျိုးများ ရှိနေခဲ့လို့လား။

မေးခွန်းတွေက တဝဲလည်လည် ဖြစ်လျက် လှိုဏ်ခေါင်းထဲမှာ လမ်းပျောက်တဲ့သူလို အဖြေကို စမ်းတဝါးဝါး ရှာနေမိတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၄ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေ ဖြစ်တာမို့ အမျိုးသမီးတွေရဲ့ဘဝတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့ တခြားအနှောင့်အယှက် ဘေးရန်တွေကနေ ရုန်းထွက်နိုင်ဖို့ အမျိုးသမီးအချင်းချင်း ဖေးမကူညီစောင့်ရှောက်မှုဟာ သိပ်အရေးကြီးလှပါတယ်။

ဒီနေရာမှာ ဖတ်ခဲ့ဖူးတဲ့ စာလေး တစ်ပိုဒ်ကို သတိရမိပါတယ်။
“အမြင့်ဆုံးနဲ့ အဝေးကို သယ်ဆောင်သွားနိုင်မယ့် အတောင်ပံဟာ ဉာဏ်ပညာအတောင်ပံပါပဲ” တဲ့။

ကျွန်မတို့ အမျိုးသမီးတွေအားလုံး မိမိတို့လိုချင်တဲ့ တန်းတူညီမျှမှု အခွင့်အရေးတွေ ရရှိဖို့ မိမိတို့ဘဝတူအချင်းချင်း ဖေးမကူညီစောင့်ရှောက်ယင်း ဉာဏ်ပညာအတောင်ပံတစ်စုံနဲ့ အခက်အခဲအတားအဆီးတွေကို ကျော်လွှားကြပါစို့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။

နီမာဦး (အံဒင်)