တိုင်းအတွင်း တံတားလေးစင်းအတွက် ကျပ်သန်းငါးထောင်ကျော် သုံးမည်

0
880

တနင်္သာရီတိုင်းအတွင်းရှိ တံတား လေးစင်းတည်ဆောက်ရန် ငွေကျပ်သန်း ပေါင်း ၅၅၀ဝ ခန့် သုံးစွဲမည်ဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ ၄ ထံမှ သိရသည်။

တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ဗောဓိကမ်းတံတား၊ မင်းသန်း-မောင်းလှော်ကျေးလက်လမ်းပေါ်ရှိ မင်းသန်း-မောင်းလှော် တံတား၊ ကမြောကင်း တံတားနှင့် ထားဝယ်မြို့ရှောင်လမ်းပေါ်ရှိ ပေါက်တိုင်းချောင်းတံတားတို့ဖြစ်သည်။

အဆိုပါတံတားလေးစင်းအတွက် လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သုံးစွဲမည့် ငွေပမာဏဖြစ်သည်။

မြိတ်ခရိုင်အတွင်းရှိ ဗောဓိကမ်း တံတားအတွက် ငွေကျပ် ၉၅၀ သန်း ၊ မင်းသန်း-မောင်းလှော်တံတားအတွက် ကျပ်သန်း၁၆၀ဝ၊ ထားဝယ်ခရိုင်အတွင်းရှိ ကမြောကင်းတံတားအတွက် ကျပ်သန်း၁၂၀ဝ နှင့် ပေါက်တိုင်းချောင်း တံတားအတွက် ကျပ်သန်း ၁၇၀ဝ ဖြစ်သည်။

အထက်ပါ တံတားလေးစင်းအနက် ဗောဓိကမ်းတံတားနှင့် ပေါက်တိုင်းချောင်းတံတားကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး ကျန်တံတားနှစ်စင်းမှာမူ လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်တည်ဆောက်ရမည်ဖြစ်ကြောင်း တည်ဆောက်ရေး အဖွဲ့ ၄ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုး ထွန်းက ဆိုသည်။

အဆိုပါတံတားလေးစင်းတည် ဆောက်ရန်အတွက် တည်ဆောက်ရေး ပစ္စည်းများ ဝယ်ယူရန် ပြီးခဲ့သည့်လ ၂၃ ရက်နေ့က တင်ဒါခေါ်ထားသည်။

“တင်ဒါဖွင့်ပြီးသွားလို့ရှိရင် တင်ဒါ အောင်မြင်တဲ့သူတွေထွက်လာရင် (တည်ဆောက်ရေး) စမှာပါ။ ကြိုလုပ်လို့ ရမယ့် ဌာနကစက်တွေတော့ ရွှေ့နေကြပါပြီ” ဟု ဦးကျော်မျိုးထွန်းက ပြောသည်။

ထားဝယ်မြို့ရှောင်လမ်းကို ထားဝယ်မြို့အဝင်ဝရှိ Well Come To Dawei ဆိုင်းဘုတ်နေရာအနီး သဗြေချောင်း ရွာအနီးမှစကာ ပေါက်တိုင်းတံတားအလွန် ထားဝယ်-မြိတ်ကားလမ်းပေါ်သို့ ဖောက်မည်ဖြစ်သည်။

အဆိုပါလမ်းတွင် သဗြေချောင်း ရွာအနီးမှ မေတ္တာလမ်းအထိကို တစ်ပိုင်း၊ ယင်းမှ ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတား အလွန်အထိကို တစ်ပိုင်းဟူ၍ လမ်းပိုင်းနှစ်ခုသတ်မှတ်ထားကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်တွင် မေတ္တာလမ်းဖြတ်သန်းသည့်နေရာမှ ကျောက်ရပ်ရွာအကြားရှိ လမ်းပိုင်းကို ဖောက်လုပ်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး က ပြောဆိုထားသည်။

ကမြောကင်းတံတားအသစ်ကိုမူ လက်ရှိတံတားနှင့် ဘေးချင်းကပ်ရှိ DDPC ဘေးတွင် တည်ဆောက်မည်ဖြစ်သည်။