ဖမ်းဆီးခံလယ်သမားနှစ်ဦးသာ အာမခံရ

0
570
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့တွင် လယ်ယာမြေ ပြဿနာကြောင့် ဖမ်းဆီးခံထားရသည့် လယ်သမားခုနစ်ဦးအနက် နှစ်ဦးသာ အာမခံရရှိခဲ့ကြောင်း ဖမ်းဆီးခံလယ်သမားမိသားစုဝင်အချို့ထံမှ သိရသည်။

ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမား မိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့်ထားခြင်းဖြစ်သည်။

ဖမ်းဆီးခံလယ်သမားများကို ထားဝယ် ရဲစခန်းတွင် အမှုနှစ်မှုဖွင့်ထားသည်။
အဆိုပါလယ်သမားခုနစ်ဦးကို စွဲဆိုခဲ့သည့် ပထမအမှုတွင် လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူမှ အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါ လယ်သမားများရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့်ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံလယ်သမားများ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အကူအညီတောင်း

ဒုတိယအမှုမှာ လယ်သမားများက အခင်းဖြစ်မြေတွင် ကြိုတင်စောင့်ဆိုင်းပြီး ခြံစည်းရိုးလုပ်ငန်း လုပ်နေသည့်ကားကို တုတ်၊ ကျောက်ခဲတို့ဖြင့် ဝိုင်းဝန်းထုနှက် ရိုက်ခဲ့သည့်အတွက် ယာဉ်၏ပစ္စည်းအချို့ ပျက်စီးသွားပြီး ယာဉ်မောင်းတွင် ဒဏ်ရာ ရရှိခဲ့သည်ဟုဆိုကာ အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဖမ်းဆီးခံလယ်သမားများကို အောက်တိုဘာလ ၆ ရက်နေ့က ရုံးထုတ်ခဲ့ပြီး အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုသာ အာမခံပေးခဲ့ကြောင်း လယ်သမား မိသားစုဝင်တစ်ဦးဖြစ်သည့် ဒေါ်ရွှေစင်ယု က ဆိုသည်။

အဆိုပါလယ်သမားများ ရုံးထုတ်ချိန်မည်ကို မိသားစုဝင်များ သိခွင့်မရခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် လယ်သမားများ စတင် ဖမ်းဆီးခံရချိန်မှ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးပေ။

ယင်းကဲ့သို့ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးခြင်းက ဥပဒေ၏ အကာအကွယ်မရသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ပင်ဖြစ်ကြောင်း ဒေါ်ရွှေစင်ယုက ပြောသည်။

“ဒါက လူ့အခွင့်အရေး ချိုးဖောက်တယ်။ ဥပဒေရဲ့ အကာအကွယ်ကိုမရဘူးလို့ပဲ ခံစားရတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်းကမူ လက်ရှိအချိန်တွင် ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေခြင်းကြောင့် မိသားစုနှင့် တွေ့ခွင့်မပေးခြင်းသာဖြစ်ကြောင်း တုံ့ပြန်သည်။ လယ်သမားများအပြင် အခြားမည်သူ့ကိုမျှ ဧည့်တွေ့ခွင့် ပေးမထားကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံလယ်သမားများဘက် ကမူ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့် ရရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စသည်တို့ထံ အကူအညီတောင်းခံထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထားဝယ်တိုင်းရင်းသားများပါတီကလည်း မြေယာပြဿနာများ တက်သည့်အချိန်တိုင်း လယ်သမားများကိုဖမ်းဆီးပြီး မြေဖို့လေ့ရှိသည်ကို တွေ့ရသလို ယခုကဲ့သို့ လယ်သမားများကို ဖမ်းဆီးခြင်းမှာ ကောင်းမွန်သည့် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် လယ်ယာမြေအရေးကို စီမံခြင်း မဟုတ်ဘဲ အာဏာအလွန်အကြူးသုံးပြီး ဖော်ဆောင်နေခြင်းကို တွေ့ရကြောင်း ထုတ်ပြန်ထားသည်။

Dawei Watch