ကိုဗစ်ကာလ ခက်ခဲနေသူများကို “လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ဖြင့် ကူညီ

0
640

မော်လမြိုင်မြို့ပေါ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အခက်အခဲဖြစ်နေသူများကို “လိုရင်ယူ ပိုရင်လှူ”အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို အခမဲ့လိုက်လံ ကူညီလှူဒါန်းပေးလျက်ရှိသည်။

ယင်းအစီအစဉ်ကို လူမှုအဖွဲ့ အစည်းတစ်ခုဖြစ်သည့် နွေးထွေးသော ရင်ခွင်အဖွဲ့နှင့် စေတနာရှင်များ ပူးပေါင်းပြီး ရပ်ကွက်အတွင်း အခက်အခဲဖြစ် နေသူများကို အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အပြင် အသီးအနှံဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ကူးစက်ရောဂါအကျပ်အတည်း ကာလတွင် အခက်အခဲဖြစ်သူများအတွက် တစ်နေ့တာ မိသားစု စားဝတ်နေရေး ဖြေရှင်းနိုင်စေရန် ယခုအစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု နွေးထွေးသောရင်ခွင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးအောင် က ပြောသည်။

“ကိုဗစ်ကာလမှာ စားဝတ်နေရေး အဆင်မပြေကြဘူး။ အဆင်မပြေကြတော့ ပြဿနာတွေ ပိုဖြစ်လာနိုင်တယ်။ နောက် မိသားစုအတွင်းမှာ အဆင်မပြေဘူးဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့ အဲဒါတွေ လျော့နည်း သွားစေဖို့အတွက်ပါ” ဟု ဦးဇော်မိုးအောင် က ပြောသည်။

ခက်ခဲနေသူများအတွက် အခြေခံ စားသောက်ကုန်များကို အိမ်ထောင်စု တစ်စုအတွက် တစ်နေ့စာ ကူညီပေးနေ ခြင်းဖြစ်သည်။

“လိုရင်ယူ ပိုရင်လှူ” အစီအစဉ်ကို စက်တင်ဘာလ၂၉ ရက်နေ့က စတင်ခဲ့ပြီး အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ရေရှည် ကူညီသွားရန်လည်း ဆောင်ရွက်ထားသည်ဟု နွေးထွေးသောရင်ခွင်အဖွဲ့ ထံမှ သိရသည်။

“ဒီကိုဗစ်ကာလမှာ လူတိုင်းလိုလို က အခက်အခဲရှိကြပါတယ်၊ အလုပ်ကလည်းပိတ် အသွားအလာကလည်း ကန့်သတ်ထားတော့ တစ်နေ့လုပ်တစ်နေ့ စားတွေအတွက်က ပိုပြီး အခက်အခဲရှိကြ ပါတယ်” မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်မှ ဒေါ်စိုးဝင်းက ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာသည့်အတွက် ရပ်ကွက်အချို့ကို အသွားအလာ ကန့်သတ်(Lockdawn)ထားသည့်အပြင် တစ်မြို့နယ်လုံးကိုလည်း အိမ်တွင်သာ နေထိုင်ရန် သတ်မှတ်ထားသည်။

၎င်းပြင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိကိုလည်း ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အတွက် အခြေခံ လူတန်းစားများအတွက် များစွာ အခက်အခဲကြုံတွေ့နေရသည်ဟု မြို့ခံအချို့တို့ ၏ ပြောပြချက်အရ သိရသည်။

Dawei Watch