ဖမ်းဆီးခံလယ်သမားများ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အကူအညီတောင်း

0
347

ထားဝယ်မြို့အတွင်းဖြစ်ပွားခဲ့သည့် မြေယာပြဿနာကြောင့် ဖမ်းဆီးခံထားရသည့် လယ်သမားများကို လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ စာဖြင့်တင်ပြ၍ အကူအညီတောင်းခံထားသည်။

ဖမ်းဆီးခံထားရသည့် လယ်သမားများအား မိသားစုဝင်များအပါအဝင် ရှေ့နေများနှင့် တွေ့ခွင့်မပေးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလ ပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့်ထားခြင်းဖြစ်သည်။

ဖမ်းဆီးခံလယ်သမားများကို ထားဝယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ခြောက်ခုဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

အဆိုပါလယ်သမားခုနစ်ဦးကို စွဲဆိုခဲ့သည့်အမှုများတွင် လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူမှ အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါ လယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့် ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့အပြင် လယ်သမားများက အခင်းဖြစ်မြေတွင် ကြိုတင်စောင့်ဆိုင်းပြီး ခြံစည်းရိုးလုပ်ငန်းလုပ်နေသည့်ကားကို တုတ်၊ ကျောက်ခဲတို့ဖြင့် ဝိုင်းဝန်းထုနှက်ရိုက်ခဲ့သည့်အတွက် ယာဉ်၏ပစ္စည်းအချို့ ပျက်စီးသွားပြီး ယာဉ်မောင်းတွင် ဒဏ်ရာရရှိခဲ့သည် ဟုဆိုကာ အမှုဖွင့်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံလယ်သမားများမှာ မိသားစုဝင်များနှင့် ဥပဒေ အထောက်အကူပေးမည့် ရှေ့နေနှင့်လည်း တွေ့ဆုံခွင့်မရကြောင်း လယ်သမား မိသားစုဝင်တစ်ဦးဖြစ်သည့် ဒေါ်ရွှေစင်ယု က ဆိုသည်။

ထို့အပြင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် လယ်သမား၏ မိသားစုဝင်များကိုလည်း လိုက်ရှာနေပြီး မည်သည့်အကြောင်းကြောင့် လိုက်ရှာနေကြောင်းလည်း တိတိ ပပမသိရကြောင်း တင်ပြစာတွင် ဖော်ပြထားသည်။

ယင်းအပြင် အခင်းဖြစ်မြေနေရာနှင့် ပတ်သက်၍ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်စိစစ်ရေးမူဒါဒ ၅၂ ချက် အတိုင်းညှိနှိုင်း ဖြေရှင်းပေးရန်၊ လယ်သမားများကို ဖမ်းဆီးထားစဉ်မြေဖို့နေခြင်းကို တားဆီးပေးရန်၊ ဖမ်းဆီးခံလယ်သမားများ နစ်နာမှုမရှိစေရေးအတွက် လူ့အခွင့်အရေးနှင့်အညီ အမှုရင်ဆိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံစာတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့တွင် တာဝန်ရှိသည့်အတွက် ယင်းကဲ့သို့ စာပို့ အကူအညီတောင်းခံခြင်းဖြစ်ကြောင်း ဒေါ်ရွှေစင်ယု က ဆိုသည်။

“ဒီဟာနဲ့ ပတ်သက်ပြီး အမြန်ဆုံး ကူညီဖြေရှင်းပေးပါရန်ဆိုပြီး စာပို့ဖြစ်တာ” ဟု ဒေါ်ရွှေစင်ယုက ပြောသည်။

စာတင်ထားသည့်ကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြောင်းပြန်ကြားချက် တစ်စုံ တစ်ရာမရှိသေးကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသည့် လယ်သမားအချို့က အဖမ်းမခံရမီ နာရီပိုင်းအလိုတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံ သွားရောက်တွေ့ ဆုံခဲ့သေးသည်။

စာပို့အကူအညီတောင်းခံထားခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးခံလယ်သမား မိသားစုဝင်ကို ခေါ်ယူမေးမြန်းရန် စီစဉ်ထားကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

ထို့အပြင် တိုင်းလွှတ်တော်၏ မြေယာအငြင်းပွားမှုစောင့်ကြည့် လေ့လာသုံးသပ်ရေးအဖွဲ့ကိုလည်း ဖုန်းဖြင့် ဆက်သွယ်ပြောဆိုထားကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားမြေဖြစ်နေသည့်အတွက် နှစ်ဦးနှစ်ဘက်က မည်သည့်လုပ်ဆောင်ချက်မှမလုပ်ဘဲ ရပ်နားထားသင့်ပြီး တိုင်းအစိုးရကလည်း သေချာစွာ ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း ဦးခင်မောင်အေးက မှတ်ချက်ပြုသည်။

“မြေဂရန်ရတဲ့သူကလည်း လောလောဆယ်မှာ ဝင်ယူလို့မသင့်သေးဘူးပေါ့နော်။ လယ်သမားကလည်း ကိုယ့်လယ်လို့ မှတ်ယူပြီး ဝင်မနေသင့်ဘူးပေါ့ကွယ်” ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဦးမြင့်မောင်ကမူ လက်ရှိတွင် ခရီးဝေးမှ ပြန်လာကာစဖြစ်သည့်အတွက် လယ်သမားများ အကူအညီတောင်းခံသည့်စာကို မဖတ်ရသေးကြောင်း၊ စာကိုဖတ်ပြီးမှသာ မည်ကဲ့သို့ ဆက်လုပ်မည်ကို ပြောနိုင်မည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။

ထိုသို့လယ်သမားများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ထားဝယ် တိုင်းရင်းသားများပါတီကလည်း အောက်တိုဘာ လ ၂ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

လယ်သမားများကို ဖမ်းဆီးကာ မြေဖို့ခြင်းကို အမြဲတမ်းလုပ်ဆောင်လေ့ရှိပြီး ထိုသို့ လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သော စီမံခန့်ခွဲခြင်းနည်းလမ်းဖြင့် လယ်ယာမြေအရေးကို စီမံ ခြင်းမဟုတ်ဘဲ အာဏာအလွန်အကျူးသုံးကာ ဖော်ဆောင်နေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ဒီမိုကရေစီအစိုးရလက်ထက်တွင် မြေယာပြဿနာအပါအဝင် အခြားကိစ္စရပ်များတွင် ဖမ်းဆီးခံရသူများက တရားဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်နိုင်ရေး လမ်းဖွင့်ပေးရန်၊ လူထုနစ်နာစေသည့် အာဏာအလွန်အကျူး အသုံးပြုဖြေရှင်းသည့်နည်းလမ်းအစား တရားမျှတပြီး ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။

အဖမ်းခံထားရသည့် လယ်သမားများနှင့် ဝန်းရံသူများထဲတွင် အသက် ၇၇ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ပါဝင်သည်။

ကိုဇော်