တိုင်းအတွင်း မဲရုံဝန်ထမ်း တစ်သောင်းခြောက်ထောင်ကျော် ထားမည်

0
299
Dawei Watch, Dawei News, Dawei News Media

လာမည့် ရွေးကောက်ပွဲအတွက် တိုင်းအတွင်းရှိ မဲရုံများတွင် မဲရုံဝန်ထမ်း တစ်သောင်းခြောက်ထောင်လေးရာကျော် ထားရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

တိုင်းအတွင်း မဲရုံပေါင်း ၁၂၀ဝ ကျော်ရုံရှိပြီး မဲရုံဝန်ထမ်းအများစုမှာ ပညာရေးဌာနမှ ဆရာ၊ ဆရာမများဖြစ်သည်ဟု အထက်ပါကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးက ပြောသည်။

မြိတ်တွင် တောင်သူလေးဆယ်ဦးကျော် တရားစွဲဆိုခံနေရ

“ကျောင်းဆရာမ မရတဲ့နေရာမှာတော့ ရပ်ကွက်ကနေပြီးတော့ (Volunteer)) စေတနာ့ဝန်ထမ်းသဘောမျိုး သူတို့လည်း စိတ်ချယုံကြည်ရတဲ့လူမျိုးပေါ့နော်။ အဲလိုမျိုးတွေနဲ့ သူတို့ထည့်ထားတာတော့ ရှိတယ်” ဟု ဒေါ်အေးအေးမိုးက ဆိုသည်။

လက်ရှိတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားလုံး၏ လူဦးရေစာရင်းကိုရရှိထားပြီးဖြစ်သော်လည်း ၎င်းတို့အား သင်တန်းပေးရန်ကိစ္စကိုမူ အောက်တိုဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မဲရုံတစ်ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မှင်တို့သူ၊ လုံခြုံရေးစသည့် မဲရုံဝန်ထမ်းများအပြင် လွှတ်တော်သုံးရပ်အတွက် မဲလက်မှတ်စစ်ဆေးသူနှင့် မဲလက်မှတ် ထုတ်ပေးသူ (တစ်ဆိုင်း)ခြောက်ဦးစီရှိ မည်ဖြစ်သည်။

မဲဆန္ဒရှင်တစ်ထောင်ရှိသည့် မဲရုံအတွက် အဆိုင်းတစ်ဆိုင်း၊ တစ်ထောင်ထက်ပိုပါက အဆိုင်းနှစ်ဆိုင်း၊ နှစ်ထောင်ထက်ပိုပါက သုံးဆိုင်းထားရှိမည် ဖြစ်သည်။

တိုင်းအတွင်းတွင် မဲဆန္ဒရှင် ၁၁ သိန်းကျော်ရှိသည်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

မိုးမြင့်