မြိတ်တွင် တောင်သူလေးဆယ်ဦးကျော် တရားစွဲဆိုခံနေရ

0
320
Dawei Watch, Dawei News, Dawei News Media

တောင်သူလေးဆယ်ဦးကျော် တရားစွဲဆိုခံထားရကြောင်း မြိတ်မြို့နယ် တောင်သူလယ်သမားသမဂ္ဂနှင့် ကာယကံရှင်များ ထံမှသိရသည်။

ပြီးခဲ့သည့် မေလမှ ယနေ့အထိ ငါးလတာအတွင်း မြိတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံနေရခြင်းဖြစ်ပြီး မြေပေး မိန့်နှင့် ယာယီမြေပေးမိန့် ကိုင်ဆောင်ထားသူများက မြေယာလုပ်ကိုင်ခွင့်ရသူ မူလတောင်သူများအား စွဲဆိုထားခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ ချမ်းမြသာရီရပ်ကွက်နေ တောင်သူများ၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ မွေးမြူ ရေးဇုန်နေတောင်သူများနှင့် ကလွင်ကျေး ရွာအုပ်စု၊ ငွေပုလဲစက်မှုဇုန်တို့တွင် နေထိုင်သည့် တောင်သူများကို တရားစွဲဆို ထားခြင်းဖြစ်သည်။

မြိတ်တွင် အသွားအလာကန့်သတ်သည့် လမ်းနှစ်လမ်းထပ်တိုး

ဘိုးဘွားအစဉ်ဆက် လုပ်ကိုင်နေ သည့် တောင်သူလယ်ယာမြေနှင့် ဓနိမြေများအား လွန်ခဲ့သည့် ၂၀ဝ၂ ခုနှစ် ဝန်းကျင်တွင် စစ်အစိုးရက သိမ်းယူခဲ့ပြီး စက်မှုနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူများအား ဇုန်အဖြစ် နေရာချပေးခဲ့သည်။

ယင်းသို့ချပေးခဲ့ရာ၌ မြေပေးမိန့် သို့မဟုတ် ယာယီမြေပေးမိန့်များဖြင့် ချပေးခဲ့သည်။

ထိုသို့ မြေပေးမိန့် ရရှိသူများသည် သတ်မှတ်ထားချက်များနှင့်အညီ မြေပြင်တွင် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

“မြေပေးမိန့်မှာ သုံးလ ခြံကာ၊ ခြောက်လ အိမ်ဆောက်။ တစ်ဆင့်ပြန် မရောင်းရ ဆိုတာပါတယ်။ ဒါပေမဲ့ လိုက်နာတဲ့သူက မရှိကြဘူး” ဟု ၎င်းက ပြောသည်။

အမိန့်အတိုင်း ဆောင်ရွက်ခြင်း မရှိပါ က အစိုးရမှ ပြန်လည်သိမ်းယူမည်ဟု ယင်းမြေပေးမိန့်တွင် ပါရှိသော်လည်း နှစ်ပေါင်းများစွာကြာသည်အထိ ပြန်လည်သိမ်းယူခြင်းလည်း မရှိခဲ့ပေ။

ယင်းနေရာများသည် ချုံနွယ်ပိတ် ပေါင်း ထူထပ်ခြင်း၊ ရွှံ့ညွန်များကြောင့် လမ်းဖောက်လုပ်ရန်ခက်ခဲခြင်း၊ မကြာခဏ ဒီရေတက်နေခြင်းကြောင့် မြေပေး မိန့်ပါ ညွှန်ကြားချက်အတိုင်း အကောင်အထည် မဖော်နိုင်ဟု မြေပေးမိန့်ရရှိသူ များဘက်က ပြောဆိုထားသည်။

ထို့ကြောင့် ဆယ်စုနှစ် နှစ်ခုနီးပါး ကြာလာပြီးနောက် ယခုအခါတွင် ယင်းမြေများပေါ်သို့ မူလပိုင်ရှင်များက ဝင်ရောက်ပြီး ပြန်လည်လုပ်ကိုင်ရန်နှင့် အိုးအိမ်ဆောက်လုပ် နေထိုင်ရန် ကြိုးစား လာကြသည်။

ယင်းအပေါ် မြေပေးမိန့် ကိုင်ဆောင်ထားသူများမှ တောင်သူများအား တရားစွဲခဲ့ကြသလို အချို့ကလည်း ၎င်းတို့အား ယခင် ချထားပေးသည့်မြေပေါ်၌ ခြံကာခြင်း၊ ယာယီနေအိမ်ဆောက်လုပ်ခြင်းတို့ လတ်တလောတွင် ပြုလုပ်ခဲ့ကြသည်။

ယင်းအပေါ် မူလတောင်သူများက ဝင်ရောက်ကာ ဟန့်တားခြင်း၊ အိမ်တိုင် အချို့နှင့် ခြံစည်းရိုးများ ချိုးဖျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ထိုကြောင့် မြေပေးမိန့် ကိုင်ဆောင်ထားကြသူများက မူလတောင်သူများအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် တောင်သူများက ဆောက်လုပ်ထားသော အိမ်များကို မြေပေးမိန့် ကိုင်ဆောင်သူများက ဖျက်ဆီးလျှင်မူ တောင်သူများဘက်က တရားစွဲဆိုနိုင် ခြင်းမရှိကြောင်း ကိုယ်တိုင်မြေသိမ်းခံတစ်ဦးဖြစ်ပြီး တောင်သူအရေး တက်ကြွလှုပ်ရှားသည့် ကိုအောင်ငယ်က ပြောသည်။

“တောင်သူတွေက တရားပြန်စွဲဖို့ နေနေသာသာ ထမင်းတောင် နပ်မှန်တာ မဟုတ်ဘူး။ အမြဲတမ်းခံနေရတဲ့ ဘက် မှာပဲ ရှိနေတယ်” ဟု ၎င်း ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တောင် သူများနှင့် မြေပေးမိန့် ကိုင်ဆောင်သူ နှစ်ဦးစလုံး နစ်နာနေရသည့်အတွက် အစိုးရအနေဖြင့် အမြန်ဆုံးစိစစ် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း မြိတ်မြို့ နယ် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

“ဒီပြဿနာ ဖြစ်ရတဲ့အကြောင်း အရင်းက အစိုးရက မပြတ်သားဘူး။ မြွေမသေ တုတ်မကျိုး လုပ်ထားလို့ဖြစ်ရတာ” ဟု ၎င်းက ပြောသည်။

မြေပေးမိန့် ကိုင်ဆောင်ထားကြသူများသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြပြီး မူလပိုင်ရှင်ဆိုသူများနှင့် ၎င်းတို့ကြား ဖြစ်ပွားနေသည့် ပြဿနာများအား အမြန်ဆုံးဖြေရှင်းပေးရန် အစိုးရ တာဝန်ရှိသူများကို တောင်းဆိုခဲ့ကြ သည်။

ကိုဆန်း