ကော့သောင်းတွင် မူးယစ်ဆေးတွေ့သူနှင့် ကွင်းဆက်ထံမှ စိတ်ကြွဆေးပြား ခုနစ်ရာနီးပါး ဖမ်းမိ

0
730
Dawei Watch, Dawei News, Dawei News Media

‌ကော့သောင်းမြို့တွင် မူးယစ်ဆေးတွေ့သူနှင့် ကွင်းဆက်ထံမှ စိတ်ကြွဆေးပြား ခုနစ်ရာနီးပါးဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကရသူရိမြို့၊ ဟန်ကပြုကျေးရွာတွင် မူးယစ်ဆေးသတင်းအရ စက်တင်ဘာလ ၂၉ ရက်နေ့က စောင့်ဆိုင်းနေစဉ် ဘုတ်ပြင်းဘက်မှ ကော့သောင်းဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့စစ်ဆေးရာ ဆိုင်ကယ် မောင်းသည့် အမျိုးသား၏ဘောင်းဘီအိတ်အတွင်းမှ WY စိတ်ကြွဆေး ၄၁၀ ပြားဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသားကို စစ်မေးရာ အဆိုပါမူးယစ်ဆေးများကို ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းနေရာသို့ သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသားကို တွေ့ရပြီး အိပ်ခန်းထပ်ခိုးအပေါ်တွင် ထားသည့် WY စိတ်ကြွဆေး ၂၅၅ ပြားကို ထပ်မံဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးတွေ့ရှိခဲ့သည့် အထက်ပါ အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် ကရသူရိ နယ်မြေ ရဲစခန်းနှင့် ဘုတ်ပြင်းမြို့မရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch