ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး အွန်လိုင်းမှ လျှောက်နိုင်

0
1322

ကိုဗစ်ကာလအတွင်း လူမှုစီးပွား ထိခိုက်ရမှုများကို သက်သာစေရန်အတွက် အစိုးရကပေးမည့် ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးကို အွန်လိုင်းမှတစ်ဆင့်လည်း လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားပေးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး လျှောက်ထားမှုကို သြဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ခွင့်ပြုထားပြီး ကိုယ်ဝန်ဆောင်တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ ထောက်ပံ့ပေးမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယမန်နှစ်ထက် လျော့ကျ

လျှောက်ထားလိုပါက ကိုယ်ဝန်ဆောင်များအနေနှင့် ကိုယ်တိုင်ဖြစ်စေ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်း၊ သက် ဆိုင်ရာလူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများကဖြစ်စေ ငွေဗိုက် (Ngwe Bike) ဟူသော Application အား Google Play Store နှင့် Apple Store တို့မှ ဒေါင်းလုတ်ရယူပြီး အချက်အလက်များဖြည့်သွင်းကာ လျှောက်ထားရမည် ဖြစ်သည်။

အစိုးရဆေးရုံ၊ ကျန်းမာရေးဌာနများနှင့် တရားဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများထံမှ ရယူထားသည့် ကိုယ်ဝန်ရှိကြောင်း အထောက်အထားကို တင်ပြနိုင်သူသာ ထောက်ပံ့မှုအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်း လျှောက်ထားရန် အခက်အခဲရှိပါက နီးစပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနများတွင် အထောက်အထားနှင့်တကွ လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။

လူမှုကာကွယ်စောင့်ရှောက်ရေး စနစ်တွင် ကိုဗစ်ကာလအတွင်းရှိသော ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည့် အစာအာဟာရပြည့်ဝစွာရရှိစေရန်အတွက် ငွေဗိုက် (Ngwe Bike) အစီအစဉ်ကို ပြုလုပ်ရဖြစ်ကြောင်း ဦးမောင်မောင် က ဆိုသည်။

ထောက်ပံ့ကြေးရရှိသူများကို ကိုယ်ပိုင်ဘဏ်စာရင်း၊ နီးစပ်ရာဘဏ်ခွဲများ၊ မိုဘိုင်းငွေလွှဲစနစ်များမှတစ်ဆင့် သို့မဟုတ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ စုရပ်နေရာများတွင် ထောက်ပံ့ငွေကို ပေးအပ်မည်ဖြစ်သည်။

ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ

“အခုလိုပေးတာ ကိုယ်ဝန်ဆောင်တွေအတွက် အထောက်အပံ့ဖြစ်ပါတယ်” ဟု လောင်းလုံးမြို့နယ်၊ ကမျောကင်း ကျေးရွာမှ ကိုယ်ဝန်လေးလခန့်ရှိ မိခင်လောင်း မဧပရယ်ရွှေလှိုင်ဦးက ဆိုသည်။

ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးကို တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ကိုးခုတွင် ပထမအကြိမ်အဖြစ် တစ်ကြိမ်သာထောက်ပံ့မည်ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လိုအပ်သည့် ကျန်းမာရေးအထောက်အထားများ ကြိုတင်ပြုလုပ်ကာ လျှောက်ထားကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ပေးရေးဝန်ကြီးဌာနက အသိပေးနှိုးဆော် ထားသည်။

မိုးမြင့်