ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ၃၀ဝ ကျော် စာရင်းတင်သွင်း

0
774

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၀၃ ဦး စာရင်းတင်သွင်းထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများ စာရင်းတင်သွင်းရမည့် နောက်ဆုံးရက် သြဂုတ် ၇ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၃၀၆ ဦး စာရင်းတင်သွင်းခဲ့သော်လည်း သုံးဦးမှာ ပြန်လည်ရုပ်သိမ်း သွားခဲ့ခြင်းကြောင့် ၃၀၃ ဦး ကျန်ရှိခြင်း ဖြစ်သည်။

မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း ၁၂ ဦးသာ အောင်

အဆိုပါအရေအတွက်မှာ ၂၀၁၅ ခုနှစ်ကထက် နှစ်ဆယ်ကျော် ပိုများလာခြင်း ဖြစ်သည်။

စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းတွင် နိုင်ငံရေးပါတီအသီးသီးတို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၂ ဦးတို့ ပါဝင်သည်။

“ကိုယ်စားလှယ်လောင်းအမည် စာရင်း တင်သွင်းထားတဲ့ပုဂ္ဂိုလ်များကိုတော့ (သြဂုတ်) ၁၁ ရက်နေ့ကစပြီး ၁၇ ရက်အတွင်း စိစစ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ်ကော် မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်း လင်းထက်က ပြောသည်။

စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်အတွက် ၆၅ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၇၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၁၃၇ ဦးနှင့် ဗမာတိုင်းရင်းသား ရေးရာနေရာအတွက် ခုနစ်ဦး၊ ကရင်တိုင်းရင်းသားရေးရာအတွက် ရှစ်ဦး၊ ပအိုဝ်း တိုင်းရင်းသားရေးရာနေရာအတွက် ရှစ်ဦးတို့ ဖြစ်သည်။

မွန်ပြည်နယ်တွင် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာ၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၂၀ နေရာနှင့် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသား ရေးရာနေရာ သုံးနေရာရှိပြီး စုစုပေါင်း မဲဆန္ဒနယ် ၄၅ နေရာရှိရာ ပျမ်းမျှအားဖြင့် မဲဆန္ဒနယ်တစ်ခုလျှင် ဝင်ရောက်ယှဉ်ပြိုင်သူ ခြောက်ဦးမှ ခုနစ်ဦးဝန်းကျင် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ နိုင်ငံရေးပါတီ အသီးသီးတို့မှ ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။