ကွာရန်တင်းဝင်သူများ မဲပေးခွင့်ကိစ္စ အဖြေမထွက်သေး

0
585

ကိုဗစ်ကာလ ကွာရန်တင်းဝင်နေသူများ မဲပေးခွင့်ရရေးအတွက် မည်သို့ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်မှာ တိတိကျကျမရှိသေးဘဲ တိုင်းအစိုးရအဖွဲ့၊ သက်ဆိုင်ရာ ကွာရန်တင်းစခန်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ကိုဗစ်ဂယက်မှာ မည်သည့်အချိန်အထိ ရှိနေမည်ကို တိတိကျကျ မသိသေးသည့်အချိန်တွင် ကွာရန်တင်းစခန်းများတွင် အသွားအလာကန့်သတ်ထားသူများအတွက် သီးသန့်မဲရုံသတ်မှတ်မည်၊ မသတ်မှတ်မည်၊ ကြိုတင်မဲပေးခွင့်ပြုမည်၊ မပြုမည်နှင့်ပတ်သက်၍ မေးမြန်းရာ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

မဲဆန္ဒနယ်ပြင်ပရောက် အသွားအလာကန့်သတ်ထားသူများအတွက် ကြိုတင်မဲပေးခွင့် ပြုမည်ဆိုပါက ကြိုတင်ဆန္ဒမဲပေးခွင့်လျှောက်လွှာ(ပုံစံ ၁၅) ကို သြဂုတ်လ ၂၈ ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများထံ လျှောက်ထား ရမည်ဖြစ်သည်။

သို့သော် ပုံစံ(၁၅) လျှောက်ထားရန် တစ်လဝန်းကျင်သာ ကျန်သည့်အချိန်အထိ အသွားအလာကန့်သတ်ထားသူများကို မည်သည့်ပုံစံဖြင့် မဲပေးခွင့်ပြုမည် ဆိုသည်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။

တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကမူ အသွားအလာ ကန့်သတ်ထားသူများအားလုံး မဲပေးခွင့်ရရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကွာရန်တင်းက အဖွဲ့တွေနဲ့ အစည်းအဝေးထိုင်ပြီးတော့မှ နည်းလမ်းလေး ထွက်လာမှာပေါ့” ဟု တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ဇူလိုင်လ ၃၀ ရက်တွင် ပြောသည်။

ထားဝယ်မြို့တွင် အသွားအလာ ကန့်သတ်ထားသူအချို့ကို မေးမြန်းကြည့်ရာ ရွေးကောက်ပွဲကျင်းပမည်ဟု သိထားသော်လည်း မဲပေးခွင့်ရရေး မည်သို့ဆောင်ရွက်ရမည်၊ မဲစာရင်းတွင် အမည်ပါ/ မပါ စသည်တို့ကို သိရှိခြင်းမရှိသေးကြောင်း ပြောဆိုကြသည်။

ဇူလိုင်လ ၃၀ ရက်က တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ထားချက်အရ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူဦးရေ တစ်သောင်းကျော် (၁၀၂၀၂ ဦး) ရှိကြောင်း သိရသည်။

ကျော်သူစိုး