ကိုဗစ်ကာလ ကျောင်းဖွင့်ရက်များ၏ အခြားဘက်မျက်နှာစာ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မကြာမီတွင် နေသားတကျအခြေအနေသို့ ရောက်ရှိလာတော့မည့် ကိုဗစ် ကာလကျောင်းဖွင့်ရက်များ၏ နောက်ကွယ်တွင် မြုပ်နေသည့်အကြောင်းအရာအချို့ ရှိနေပါသေးသည်။

နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ (Face Shield) တို့ ဝတ်ဆင်ပြီးမှ ကျောင်းသို့လာရောက်ရသည်မှာ ဆရာ၊ ဆရာမများအတွက်ရော၊ ကျောင်းသား၊ ကျောင်းသူများအတွက်ပါ အစောပိုင်းရက်များတွင် အဆင်မပြေလှပေ။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

ဆရာ၊ ဆရာမများဆိုလျှင် စာသင်ပြီဆိုလျှင် အသံသည် ရှေ့သို့မရောက်ဘဲ မိမိအနားတွင်သာ ပျံဝဲနေသကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ပို၍လည်း ကျယ်ကျယ်အော်ရသည်။

“ပထမဆုံး တစ်ရက်နှစ်ရက်ဆိုရင် ဆရာမတွေ တော်တော်များများက စာသင်ချိန်မှာကို အဆင်မပြေဘူးပေါ့နော်။ စိတ်က ကိုယ်ပြောသံကြီး ကိုယ်ပြန်ကြား နေရတယ်ဆိုတာမျိုးဖြစ်နေတယ်ပေါ့နော်။ ခြောက်ပေအကွာနဲ့ သင်ရတော့ အသံကလည်း နှစ်ဆကူရတယ်” ဟု ထားဝယ်မြို့၊ အ.ထ.က (၁)မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

သို့သော် နောက်ပိုင်းတွင် အသားကျလာခဲ့သည်ဟု သူက ဆိုသည်။

ကွာရန်တင်းဝင်သူများ မဲပေးခွင့်ကိစ္စ အဖြေမထွက်သေး

ယင်းအပြင် အတန်းများထဲတွင် လူဦးရေကို လျှော့ချထားသလို ကလေးများအနေနှင့် မုန့်စားအနားပေးချိန်၊ ကစားချိန်၊ အပေါ့အလေးသွားချိန်များလည်း လျော့ပါးသွားသည်ဖြစ်ရာ စာသင်ခန်းကို ထိန်းအုပ်ရသည်မှာ ယခင်ထက်ပို၍ သက်သာသွားခဲ့သည်ကို ဆရာ၊ ဆရာမများက သတိပြုမိခဲ့ကြသည်။ ယခင်က ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးရှိသည့် စာသင်ခန်းသည် ယခုအခါ ၂၀ သာ ရှိတော့သည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများသည်လည်း နှာခေါင်းစည်းနှင့် မျက်နှာကာများ စည်းထားလျက်ဖြင့် စာသင်ခန်းတွင် ထိုင်ကြရသည်ကို အချိန်ကြာလာသည်နှင့်အမျှ နေသားတကျ ဖြစ်လာခဲ့ပြီ။ သူတို့လည်း အခြားသူများကဲ့သို့ပင် အစဦးရက်များတွင် အဆင်မပြေခဲ့ကြ။ စိတ်ရှုပ်ထွေးရသည်။ ထိုအရာများ တပ်ထားရသည်ကပင် အလိုလိုနေရင်း ပင်ပန်းမှုကို ခံစားရသည်။

“ဦးဆုံးသွားတဲ့ တစ်ပတ်လောက်တုန်းကတော့ (အဆင်မပြေမှုတွေ)ဖြစ်တယ်” ဟု ထားဝယ်၊ အ.ထ.က (၂)တွင် ကျောင်းတက်နေသည့် မဇင်ပွင့်နိုင်က ဆိုသည်။

ယခုမူ ကျောင်းသူ၊ ကျောင်းသားများ အသက်ရှူမဝဖြစ်ခြင်း၊ ပူခြင်းတို့ မဖြစ်စေရန်နှင့် လေကောင်းလေသန့် ရရန်အတွက်လည်း စာသင်ချိန်တစ်ချိန်ပြီးတိုင်း နှာခေါင်းစည်းနှင့် မျက်နှာကာတို့ကို ငါးမိနစ်ခန့် ဖြုတ်ခွင့်ပေးထားသည်။

ကိုဗစ်ကပ်ရောဂါကြောင့် စာသင်ကျောင်းများကို ပုံမှန်ဖွင့်ရက်ထက် နှစ်လဝန်းကျင် နောက်ကျပြီး ဇူလိုင်လ ၂၁ ရက်တွင်မှ ဖွင့်လှစ်နိုင်ခဲ့သည်။ သို့တိုင် အကုန်အစင် မဖွင့်လှစ်နိုင်သေးဘဲ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အထက်တန်းကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကြည့်ရသည်မှာ New Normal ဟုခေါ်သော ပုံမှန်အခြေ အနေအသစ်သည် စာသင်ကျောင်းများတွင် နှစ်ပတ်တာအချိန်ကာလအတွင်း တစတစဖြင့် နေသားတကျဖြစ်လာသည့် အခြေအနေတွင် ရှိနေသည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

သို့သော် နောက်ကွယ်တွင် ခက်ခဲကျပ်တည်းမှုများကလည်း ပုန်းလျှိုးကွယ်လျှိုး လိုက်ပါလာနေသည်။ ကျောင်းဖွင့် ရက်များတွင် အခြားမျက်နှာတစ်ဖက် ကျန်ရှိနေပါသေးသည်။

စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူဦးရေကို လျှော့ချလိုက်ရာ ပိုထွက်လာသော ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်ထပ်ဆောင်း၍ သင်ကြားပေးရန် လိုအပ်လာသည်။ ယခင်က စာသင်ခန်း တစ်ခန်းရှိလျှင် ယခုအခါ နှစ်ခန်း၊ သုံးခန်း။ ထို့ကြောင့် ဆရာ၊ ဆရာမများ၏ စာသင်ချိန်သည်လည်း ယခင်ထက် နှစ်ဆ၊ သုံးဆ တိုးလာသည်။

ထိုသို့ ဝန်ပိလာမှုဒဏ်ကို တစ်နှစ်တာပတ်လုံး ခံနိုင်ရည်ရှိရန် ကြိုးပမ်းကြရပေဦးတော့မည်။ ထိုအရာသည်လည်း အချိန်ကြာလာလျှင် နေသားတကျ ဖြစ်သွားတတ်ပါမည်လော။ ထိုမေးခွန်းမှာ ဆရာ၊ ဆရာမများအတွက် လတ်တလောတွင် အဖြေမထုတ်နိုင်သေးသည့် ပုစ္ဆာတစ်ရပ်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း အထက်တန်းကျောင်းပေါင်းမှာ ၆၆ ကျောင်းမှာ ပိတ်ထားဆဲဖြစ်ပြီး ၎င်းတို့ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းတာဝန်ရှိသူများနှင့် ပညာရေးဌာနတို့က ပြင်ဆင်လျက်ရှိသည်။

ဒသမတန်းကျောင်းသူ မဇင်ပွင့်နိုင်၏ မိခင်ကမူ ကိုဗစ်ကာလတွင် မိဘကိုယ်တိုင် ကျောင်းကြို၊ ကျောင်းပို့ ပြုလုပ်ရပြီး ထမင်းနှင့် မုန့်၊ ရေတို့ကို အိမ်မှတစ်ပါတည်း ထည့်ပေးနေရသည်။ ထို့အပြင် ယခင်ကလို ကျောင်း ကြို/ပို့ ယာဉ်တို့ဖြင့် ကလေးကို ထည့်ပေး၍ မရတော့။ မိမိကလေးကို ရောဂါကူးစက်ခံရ မည်ကိုလည်း စိုးရိမ်ရသလို ကျောင်းတက်ချိန် တစ်ပြေးညီမဟုတ်တော့သဖြင့် ကားသမားများကလည်း ပို့ပေးရန် အဆင်မပြေတော့။ ထို့ကြောင့် မိမိကိုယ်တိုင်ပင် အပို့၊ အကြိုလုပ်နေရသည်။

ထိုကိစ္စများနှင့်ပင် တစ်နေ့တာအချိန်များလည်း ကုန်လွန်နေတော့သည်။ မိသားစုစီးပွားဖြစ်သည့် ဥယျာဉ်ခြံအလုပ်ကို လုပ်ကိုင်ချိန်မရတော့ဘဲ ပစ်ချထားရသည်။ ထိုအကျပ်အတည်းကို မည်မျှခံ နိုင်ပါမည်နည်း။

“ဒီနှစ်မှာ ဟိုအသုတ်နဲ့ ဒီအသုတ်နဲ့ မတူဘူးဆိုတော့ ခွဲပြီးပို့ရတော့ ကားသမားတွေက မလိုက်နိုင်ဘူး။ ကားသမားတွေ မလိုက်နိုင်ဘူးဆိုတော့ မိဘကပဲ ပင်ပန်း ခံပြီးပို့နေရတယ်” မဇင်ပွင့်နိုင်၏ မိခင် ဒေါ်တင်တင်ထွေးက ဆိုသည်။

မိုးမြင့်