တလိုင်းယာ မြေယာအမှု ရွာသားလေးဦး ငွေဒဏ်ချမှတ်ခံရ

0
297

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၆ ဖြင့် ရေဖြူ မြို့နယ် တလိုင်းယာရွာသားလေးဦးကို စွဲဆိုထားသော အမှုကို ရွာသားတစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီ ပေးဆောင်စေရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း တရားစွဲခံရသူအချို့ထံမှ သိရသည်။

ယင်းအမှုမှာ တလိုင်းယာကျေးရွာရှိ တပ်စွန့်မြေအား ခုတ်ထွင်ရှင်းလင်းခဲ့သူ အချို့ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ရှင်းလင်းခဲ့သည်ဟုဆိုကာ ယခင်ရေဖြူမြို့နယ် မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဦးက တရားလိုပြုလုပ် စွဲဆိုထားသော အမှုဖြစ်သည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

၂၀၁၈ ခုနှစ်က စွဲဆိုထားသော အဆိုပါအမှုကို ၂၀၂၀ ပြည်နှစ်ဇူလိုင်လ ၂၉ ရက်က ရေဖြူမြို့နယ်တရားရုံးက အထက်ပါအတိုင်း အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

အဆိုပါတပ်စွန့်မြေသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု တရားစွဲသူတို့ဘက်က ပြောဆိုနေသော်လည်း တရားစွဲ ခံရသူတို့ဘက်ကမူ အဆိုပါမြေသည် ရွာသားများထံမှ သိမ်းဆည်းထားသော မြေကို ပြန်စွန့်လွှတ်ထားသဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းမဟုတ်ကြောင်း ပြောဆို ကြသည်။

“အရင်တုန်းက စိုက်ပျိုးထားတဲ့ အပင်တွေ လက်ရှိ လက်ညှိုးထိုးပြလို့ ရှိနေလျက်သားနဲ့ကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းပါဆိုပြီး တရားစွဲလိုက်တာသည် မဟုတ်ဘဲနဲ့ ကိုယ်ခံစားနေရတယ်လို့ မြင်တယ်” ဟု ငွေဒဏ်ချမှတ်ခံရသူ တစ်ဦးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

ယင်းအတွက်ကြောင့် မြို့နယ် တရားရုံးကအမိန့်သည် တရားမျှတမှု မရှိဟုဆိုကာ အထက်တရားရုံးထံ ဆက်လက်အယူခံဝင်မည်ဖြစ်ကြောင်း ဒေါ်စန်းစန်းအေးက ဆိုသည်။

“သူတို့(တရားစွဲသူတို့) ကတော့ ဒီမြေသည် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လို့ပြောတယ်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုတဲ့ နိုင်ငံတော်ပိုင်မြေသည် နေစရာ၊ ထိုင်စရာမရှိတဲ့သူတွေ နေပိုင် ခွင့်မရှိဘူးလားပေါ့” ဟု ဒေါ်စန်းစန်းအေးက မေးခွန်းထုတ်သည်။

အဆိုပါတပ်စွန့်မြေကို ခုတ်ထွင် ရှင်းလင်းခြင်းသည် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ရေကြီး၊ ရေလျှံဖြစ်ပွားပါက တည်းခိုနေ ထိုင်နိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ငွေဒဏ်ချမှတ်ခံရသူအချို့က ပြောသည်။

တပ်စွန့်မြေကို ခုတ်ထွင်စဉ်က ရွာသားလေးဆယ်ကျော်ပါဝင်ခဲ့သော်လည်း လေးဦးကိုသာရွေးချယ်ပြီး မြေစာရင်းဦးစီးမှူးက တရားစွဲဆိုခဲ့သည့်အပေါ်တွင်လည်း တရားမျှတမှုမရှိကြောင်း တရားစွဲခံရသူအချို့က ပြောဆိုကြသည်။

ကျော်သူစိုး