ထားဝယ်တွင် အပေါင်ဆိုင် သုံးဆိုင်တိုးမည်

0
273

ထားဝယ်မြို့နယ်အတွင်း အပေါင်ဆိုင် ၃ ဆိုင်တိုးလာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ထားဝယ်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ လိုင်စင်ရ အပေါင်ဆိုင် ၈ ဆိုင်ရှိရာမှ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၁ ဆိုင်အထိ ရှိလာမည် ဖြစ်ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ

လာမည့်ဘဏ္ဍာနှစ်အတွက် စည်ပင်သာယာရေးအဖွဲ့၏ အခွင့်အရေးလိုင်စင်များကို သြဂုတ်လ ၅ ရက်နေ့တွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်သည်။

ထိုသို့လေလံတင်ရောင်းချရာတွင် အပေါင်ဆိုင်လိုင်စင် ၃ ခုကိုပါ လေလံတင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

“လျှောက်ထားတဲ့လူရှိလို့ ကျွန်တော်တို့က အသစ်ဖွင့်ပြီး ဆွဲရတာပါ” ဟု အမှုဆောင်အရာရှိက ပြောသည်။

အပေါင်ဆိုင်လိုင်စင်အသစ်အတွက် လျှောက်ထားလာပါက ရှိပြီးသား လိုင်စင်များနှင့် နယ်နိမိတ်မထပ်စေရန် နယ်မြေသတ်မှတ်ပြီး လေလံတင် ရောင်းချရကြောင်း ၎င်းက ဆိုသည်။

အပေါင်ဆိုင်လိုင်စင်တစ်ခု၏ တစ်နှစ်တာအတွက် ကြမ်းခင်းဈေးကို ငွေကျပ် ၁၃ သိန်း သတ်မှတ်ထားသည်။

ထားဝယ်မြို့နယ်အတွင်း သားသတ်လိုင်စင် ၅ ခု၊ ဈေးကောက်လိုင်စင် ၄ ခု၊ ယာဉ်ရပ်နားခ ၄ ခု၊ အိမ်သာလိုင်စင် ၃ ခု ၊ အပေါင်ဆိုင်လိုင်စင် ၁၁ ဆိုင်ရှိ သည်။

သားသတ်လိုင်စင်မှလွဲ၍ ကျန်သည့် လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းဖြစ်သည်။

သားသတ်လိုင်စင်ကိုမူ ယခင်ကတည်းက ခွဲဝေချထားသည့်စနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း အမှုဆောင်အရာရှိက ရှင်းပြသည်။

ဥပမာအားဖြင့်သားသတ်လိုင်စင်တစ်ခုကိုလုပ်ငန်းလုပ်ကိုင်သူ လေးဦး ခန့်ကစုပေါင်းကျခံကာဝယ်ယူခြင်းဖြစ် ပြီးခွဲဝေလုပ်ကိုင်သည့် စနစ်ဖြစ်သည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

လေလံစည်းကမ်းချက်တွင်အမဲသား အသားတစ်ပိဿာလျှင် ၉၀ဝ၀ကျပ်၊ ကလီစာ တစ်ပိဿာလျှင် ၉၀ဝ၀ကျပ်၊ ဆိတ်သား အသားတစ်ပိဿာလျှင် ၁၁၀ဝ၀ ကျပ်၊ အသားအရိုးတစ်ပိဿာလျှင် ၁၀ဝ၀ဝကျပ်နှင့် အရိုးတစ်ပိဿာလျှင် ၄၅၀ဝ ကျပ် သတ်မှတ်ထားသည်။ ဝက်သားအသားတစ်ပိဿာလျှင် ၈၅၀ဝကျပ်၊ အသားအရိုးတစ်ပိဿာလျှင် ၈၀ဝ၀ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၈၅၀ဝကျပ်နှင့် အဆီတစ်ပိဿာလျှင် ၄၅၀ဝကျပ်သတ်မှတ်ထားသည်။

အထက်ပါအသားနှုန်းထားများကို ဈေးအတွင်းအများပြည်သူမြင်သာသည့် နေရာလေးခုတွင် မိမိစရိတ်ဖြင့်ဆိုင်း ဘုတ်ချိတ်ဆွဲကာ ကြေညာထားရမည်ဟု စည်းကမ်းချက်တွင် ဖော်ပြထားသည်။

အထက်ပါနှုန်းထားအတိုင်းစားသုံး သူလက်ဝယ်အရောက် ရောင်းချရမည်ဖြစ်ပြီးယင်းသတ်မှတ်ဈေးထက်ပိုရောင်း ပါကစိစစ်အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းမြို့နယ်စည်ပင်အဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

သို့သော်လက်ရှိဈေးကွက်အတွင်း တွင်အမဲသား၊ ဝက်သားတစ်ပိဿာလျှင် ၁၀ဝ၀ဝကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

သတ်မှတ်ထားသည့်စည်းကမ်း သတ်မှတ်ချက်များကို ဖောက်ဖျက်ပါကလိုင်စင်ပြန်လည်ရုပ်သိမ်းခြင်း၊ အာမခံငွေ သိမ်းယူခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းနှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း လိုင်စင်စည်းကမ်းချက်တွင် ဖော်ပြထားသည်။