ဒေသထွက် ဟင်းသီးဟင်းရွက်ဈေး အနိမ့်ဆုံးအထိ ကျဆင်း

0
553

မကြုံစဖူး အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားသည့်ဟင်းသီးဟင်းရွက်ဈေးကြောင့် လာမည့်နှစ်တွင် ထပ်စိုက်ရန် စဉ်းစားနေရပြီဖြစ်ကြောင်း တောင်သူတစ်ဦးဖြစ်သူ ဦးထွန်းမောင်က ညည်းတွားသည်။

၎င်းသည် လောင်းလုံးမြို့နယ်၊ ဆင်ကူးပြင်ရွာတွင် နေထိုင်ပြီး လက်ရှိတွင် ပဲလင်းမြွေသီး၊ ကြက်ဟင်းခါးသီး၊ ခဝဲသီးနှင့် ပဲသီးစသည့် သစ်သီးဝလံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည်။ သူ့အနေနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုခဲ့သည်မှာ နှစ်ငါးဆယ်ဝန်းကျင် ရှိခဲ့ပြီဖြစ်သည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

ထားဝယ်ဒေသတွင် စိုက်ပျိုးနေသည့် ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာ အနိမ့်ဆုံးဈေးအထိကျဆင်းနေပြီး အချို့မှာ ငါးဆမှ ခုနစ်ဆဝန်းကျင်အထိ ဖြစ်သည်။ ပဲတောင်ရှည် အတောင့် ၅၀ လျှင် ကျပ် ၁၀ဝ ဖြစ်သွားသည်။ ယခင် က ကျပ် ၇၀ဝ။ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် ၂၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၂၀။ ယခင်က ကျပ် ၁၀ဝ ဖြစ်သည်။ ထို့အတူ အခြားဟင်းသီးဟင်း ရွက်များလည်း သိသိသာသာ ဈေးကျလျက်ရှိသည်။

အဘယ်ကြောင့် ထိုမျှ ဈေးနှုန်းကျ ဆင်းနေရသနည်း။

ကိုဗစ်ကြောင့်လော၊ မိုးလေဝသ ကြောင့်လော၊ အစိုးရ၏ စီမံခန့်ခွဲမှုအား နည်းချက်ကြောင့်လော။ အဖြေအမျိုးမျိုး၊ ထင်မြင်ချက် အမျိုးမျိုး ပေးကြသည်။
ယင်းတို့အထဲတွင် ဦးအောင်လွင်လည်း ပါဝင်သည်။ သူသည် ထားဝယ်ဒေသ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် လူတို့ အလုပ်အကိုင်ရှားပါးလာပြီး မူလ ဘူမိလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်း နယ်ပယ်အတွင်းသို့ ပြုံဆင်းလာရာ ဟင်းသီးဟင်းရွက်များ အထွက်နှုန်းတိုး လာသည်။ ရောင်းလိုအားနှင့် ဝယ်လိုအားမမျှ ဖြစ်သွားရသည်။ အခြားတစ်ဖက်တွင် စားသုံးသူများမှာ အိမ်တွင်းအောင်းနေရသဖြင့် ဝယ်ယူစားသုံးမှုက ပို၍ပင် လျော့ကျသွားခဲ့သည်။

ထို့အပြင် မိုးလေဝသ။ ယခု ဈေးကျသွားသော ဟင်းသီးဟင်းရွက်များသည် မိုးကြီးပါက အပင်ဖြစ်ထွန်းမှုနှင့် အထွက်နှုန်းကို ထိခိုက်စေသည့် ဟင်းသီးဟင်းရွက်များ ဖြစ်သည်။ ယခုနှစ်သည် အခါတိုင်းနှစ်များလောက် မိုးမကောင်းခဲ့သည်ဖြစ်ရာ ၎င်းတို့အနေနှင့် အထွက်နှုန်းကောင်းခဲ့ကြသည်။

ဦးအောင်လွင်က ထိုအချက်များကို သုံးသပ်သည်။

မည်သည်ကြောင့်ဖြစ်စေ၊ တောင်သူများ၏ အခက်အခဲကို သက်ဆိုင်ရာ အစိုးရက ကုစားပေးသင့်သည်ဟု ၎င်းက ဆိုသည်။ ဥပမာအားဖြင့် သီးနှံကုန်စည်ဒိုင်တစ်ခုကို အစိုးရအစီအစဉ်ဖြင့် အကောင်အထည်ဖော်ပေးခြင်းမျိုး ဖြစ်သည်။

ကုန်စည်ဒိုင်ရှိပါက ရင်းနှီးမြှုပ်နှံမည့်သူများကို ဖိတ်ခေါ်နိုင်မည် ဖြစ်သလို ဟင်းသီးဟင်းရွက်များကို အအေးခန်းသိုလှောင်ရုံများဖြင့် တာရှည်ခံအောင် လုပ်ဆောင်နိုင်ပြီး ဈေးကွက်ကို တစ်နည်းတစ်ဖုံ ထိန်းထားနိုင်မည် ဖြစ်သည်။

“ကုန်စည်ဒိုင်တစ်ခုကို လုပ်ပေးမယ် ဆိုရင်တော့ စိုက်သမားက ဘယ်လောက်ပဲ ထုတ်ထုတ် သူ့မှာ သွားသွင်း လိုက်ရုံပဲ” ဟု ဦးအောင်လွင်က ဆိုသည်။

ထိုင်းနိုင်ငံတွင်လည်း ထိုသို့ပင် လုပ်ဆောင်နေကြောင်း ၎င်းက ထောက်ပြသည်။

ထားဝယ်ဒေသရှိ ခြံစိုက်တောင်သူအများစုမှာ ဟင်းသီးဟင်းရွက်များကို ထားဝယ်မြို့ ကမ်းနားဈေးတွင် ပုံမှန်သွားရောင်းလေ့ရှိခဲ့ကြသည်။ လက်ရှိ တွင်မူ ထိုသို့သွားရောက် ရောင်းချရန်မှာ အဆင်မပြေတော့။ ဆီဖိုးအပါအဝင် သယ်ယူစရိတ်ရှိသည်။ ဈေးကောက်လည်း ပေးရသည်။ ယခုဈေးနှုန်းအခြေအနေနှင့်မူ မည်သို့မျှ တွက်ခြေမကိုက်တော့ပေ။

ယင်းစရိတ်များကို ရှောင်လွှဲနိုင်ရန်အတွက် ကမ်းနားဈေးတွင် သွားမရောင်းတော့ဘဲ အနီးအနားရှိ စခန်းကြီးကျေးရွာရှိ ဈေးတွင်ပင် ရောင်းချနေရသည်ဟု ဖွားဘုတ်ပြင်ရွာမှ တောင်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်ဝင်းက ဆိုသည်။

“ကမ်းနားဈေးသွားရောင်းရင် ဆိုင်ကယ်ဆီဖိုး၊ ဈေးကောက်နဲ့ဆို သိပ်မကျန်တော့ဘူးလေ” ဟု ၎င်းက ပြောသည်။

တောင်သူအချို့ဆိုလျှင် စိုက်ထားသည့် ဟင်းသီးဟင်းရွက်တို့အား ခူးဆွတ်မနေတော့ဘဲ ပစ်ထားလိုက်ကြသည်အထိ စိတ်ပျက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ဘေး စတင်သည့် ယခုနှစ် မတ်လကစ၍ ထိုသို့ အဆများစွာ ဈေးကျသွားခြင်းဖြစ်သည်ဟု တောင်သူအချို့က ဆိုသည်။

ထားဝယ်ဒေသဈေးကွက်တွင် ဒေသစိုက် ဟင်းသီးဟင်းရွက်များအပြင် ထိုင်းနိုင်ငံနှင့် ပြည်မမှ ဝင်ရောက်လာသည့် ဟင်းသီးဟင်းရွက်များလည်း ရှိနေသည်။

ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်များသည် ထားဝယ်ဒေသထွက်များနှင့် ဈေးနှုန်းကွာခြားမှုမရှိပေ။ အချို့ဆိုလျှင် ထားဝယ်ဒေသ ထွက်ထက်ပင် ဈေးချိုနေသေးသည်။ ထိုအချက်ကလည်း ဒေသခံတောင်သူများကို ထိခိုက်စေသည်။

ဒေသတွင်စိုက်ပျိုးနေသည့်တောင် သူများအား ခေတ်မီစိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေခြင်းနှင့် သင့်တင့်မျှတသည့် ရင်းနှီမတည်ငွေများ ထုတ်ချေးရေးကို အစိုးရက လုပ်ဆောင်ပေးသင့်သည်ဟု တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ ထိုမှသာ ဒေသခံတောင်သူများအနေနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမည် ဖြစ်သည်။

ယင်းအပြင် ဒေသခံ တောင်သူအများစုမှာ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးတို့ကို အများအပြားသုံးစွဲစိုက်ပျိုးသည်ဟု နာမည်ကျော်နေရာ ၎င်းတို့၏ ထုတ်ကုန်များအပေါ် စားသုံးများ၏ ယုံကြည်မှုကို ကျဆင်းစေသည်။ ထိုအချက်ကိုမူ တောင်သူအချို့က သဘောပေါက်နားလည်ကြပြီး ထိုကဲ့သို့ ရှုမြင်ကြသူများလည်း ရှိနေသည်။

စိုက်ပျိုးထုတ်လုပ်သည့် ဟင်းသီးဟင်းရွက်ဈေးက ဆက်တိုက်ကျဆင်း နေသော်လည်း အပင်အာဟာရအတွက် ပုံမှန်ကျွေးမွေးရသည့် ကြက်ချေး၊ နွားချေးနှင့် ဓာတ်မြေသြဇာဈေးနှုန်းတို့က ပုံမှန်အတိုင်းပင်။

“ဈေးက ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ရှေ့ဆက်ပြီး လုပ်လို့မရတော့ဘူးလေ။ စရိတ်စကတွေက အကုန်လုံးပဲ ကြီးနေတယ်ဆိုတော့ နောက်ထပ်တစ်မျိုး တစ်ဖုံပြောင်းပြီးတော့ လုပ်ကိုင်စားမှပဲ တော်မယ်လို့ အောက်မေ့တယ်” ဟု ဦးထွန်းမောင်က ပြောသည်။

ဇယား။ ။ ထားဝယ်ဒေသထွက်ဟင်းသီးဟင်းရွက်ဈေးနှုန်းအချို့ကို ယခင်နှစ်နှင့် ယခုအခြေအနေတို့အား နှိုင်းယှဉ်ပြထားပါသည်။

အမျိုးအမည်အရေအတွက်
(တစ်တောင့်/ တစ်စည်း)
လက်ရှိဈေးနှုန်း(ကျပ်)ယခင်ဈေးနှုန်း(ကျပ်)
ချဉ်ပေါင်ရွက်၂၀၁၀၀
ကန်စွန်းရွက်၂၀၁၀၀
ခဝဲသီး၇၀၄၀၀
ပဲလင်းမြွေသီး၁၀၀၄၀၀
ပဲတောင့်ရှည်၅၀၁၀၀၇၀၀
ရုံးပတီသီး၂၀၅၀
ကြက်ဟင်းခါးသီး၁၀၀၂၅၀

ကိုဇော်