ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရက အာမခံလျော်ကြေးထုတ်သူ နည်းပါး

0
266

ထားဝယ်ခရိုင်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူထိခိုက် သေဆုံးမှုဖြစ်စဉ်များတွင် သူတစ်ပါးထိခိုက်မှု အာမခံ လျော်ကြေးငွေထုတ်သူ နည်းနေဆဲဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်း တနင်္သာရီတိုင်းဒေသကြီးရုံးထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင်အတွင်း ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရ/သေဆုံးသူ ငါးရာဝန်းကျင်ရှိခဲ့သည်။

မြန်မာ့အာမခံရုံး၏ စာရင်းအရ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ခရိုင်အတွင်း အာမခံလျော်ကြေးငွေထုတ်ယူသူမှာ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၄ ဦး သာရှိသည်။

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ

မြန်မာ့အာမခံလုပ်ငန်းက ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးပါက တစ်ဦးလျှင် လျော်ကြေးငွေကျပ် ၁၀ သိန်း ထုတ်ပေးပြီး ဒဏ်ရာရရှိပါက ဒဏ်ရာ အနည်းအများအပေါ် မူတည်ကာ အများဆုံးကျပ် ၈ သိန်းအထိ ထုတ်ပေးနေခြင်း ဖြစ်သည်။

မတော်တဆဖြစ်ပွားသည့် ယာဉ်တွင် ယာဉ်လိုင်စင်ရှိခြင်း၊ မောင်းနှင်သူတွင် ယာဉ်မောင်းလိုင်စင်ရှိခြင်း အစရှိသည့် စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျော်ကြေးငွေ လျှောက်ထားနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံက ဆိုသည်။

လိုင်စင်ရှိယာဉ်တစ်စီးတိမ်းမှောက်ပြီး စီးနင်းလိုက်ပါလာသူ သေဆုံးပါက ယာဉ်မောင်းသူတွင် ယာဉ်မောင်းလိုင်စင် မရှိပါကလည်း လျော်ကြေးငွေ လျှောက်ထားနိုင်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

အာမခံလျော်ကြေးငွေလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ ပြည့်စုံပါက အချိန်နှစ်ပတ်ခန့်သာ ကြာမြင့်ကြောင်း တိုင်းဒေသကြီး တာဝန်ခံက ဆိုသည်။

ယာဉ်မတော်တဆမှုများတွင် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးငွေ ထုတ်ယူသူ နည်းပါးနေခြင်းမှာ ပြည်သူအများစုက လျော်ကြေးငွေထုတ်နိုင်သည်ကို သိရှိမှုနည်းပါးခြင်း၊ ဌာနဆိုင်ရာရုံးများသို့ မသွားရောက်လိုဖြင်းအစရှိသည့် အကြောင်းအရာများကြောင့်ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ထောက်ပြသည်။

“အခုဆိုးတာက ထုတ်ရမှန်းလည်း မသိကြဘူး။ ရမယ်မှန်းလည်း မသိကြဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် မြို့နယ်အလိုက် ရပ်ကွက်အလိုက် အသိပညာပေးသည့်လုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆို သည်။

သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးငွေကို သေဆုံးပြီး ၂ နှစ်အတွင်းတွင်လည်းကောင်း၊ ဒဏ်ရာရပါက အချိန်တစ်နှစ်အတွင်းတွင်လည်းကောင်း လျှောက်ထားနိုင်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

သူတစ်ပါးထိခိုက်မှုအာမခံကြေးအဖြစ် ဆိုင်ကယ်တစ်စီးလျှင် ၂ နှစ်စာအတွက် ကျပ်လေးထောင်ကောက်ခံပြီး ကားတစ်စီးလျှင် အနည်းဆုံး ကျပ်ငါးထောင်မှ တင်ဆောင်နိုင်သည့်ဝန်အပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုး သတ်မှတ် ထားသည်။