ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစိုးရအဖွဲ့ဝင်ဟောင်းအများစု ပြန်ပါ

0
465

မဲဆန္ဒနယ်တစ်ဝက် အနိုင်ရရန် မျှော်မှန်းထားဟုဆို

လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါလာသည်။

ကိုယ်စားလှယ်လောင်းစာရင်းတွင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးမြတ်ကိုအပါအဝင် ဝန်ကြီးဟောင်း ခုနစ်ဦးအထိ ပြန်ပါဝင်လာခြင်းဖြစ်သည်။

လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းဆွေနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်းမှလွဲ၍ ကျန်သည့်ဝန်ကြီးအားလုံးပြန်ပါကြောင်း ကြံ့ခိုင်ရေးပါတီ၊ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဦးသန်းအောင်က ဆိုသည်။

အစိုးရအဖွဲ့ဝင်ဟောင်းများအပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့လည်း ပြန်ပါဝင်လာသည်။

လာမည့်ရွေးကောက်ပွဲ အခင်းအကျင်းမှာ အရေးကြီးသည့်အတွက် အတွေ့အကြုံရှိပြီးဖြစ်သည့် လူဟောင်းများကို ပြန်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းအောင်က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုသည် တိုင်းလွှတ်တော်အတွက် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်အရွေးခံမည်ဖြစ်ပြီး NLDပါတီမှ ဒေါ်မိုးမိုးသူနှင့် အဓိကယှဉ်ပြိုင်ရဖွယ် ရှိသည်။

လူဟောင်းအများစုဖြင့် ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ငါးဆယ်ရာခိုင်နှုန်းခန့် အနိုင်ရရန် မျှော်မှန်းထားကြောင်း ဦးသန်းအောင်က ဆိုသည်။

“၂၀၁၅ မှာတော့ ပါတီပဲကြည့်တယ်။ လူကို မကြည့်ဘူး။ အခုတော့ သူတို့ လူကိုကြည့်မယ်လို့တော့ ပြောသံ ကြားနေတာပဲ။ ဒီလိုဆိုတော့ အခြေအနေ တစ်မျိုးပြောင်းနိုင်မယ်ထင်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ အနက် ခြောက်နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာရှိသည့်အနက်မှ လေးနေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင် နေရာ ၂၀ အနက် ၁၀ နေရာတွင် အနိုင်ရရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း တိုင်းရင်းသားရေးရာဝန်ကြီး နေရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာရှိပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLDပါတီက ကိုယ်စားလှယ် နေရာအားလုံးတွင် အနိုင်ရရှိခဲ့သည်။