ထားဝယ်လျှပ်စစ်ယူနစ်ဈေး ဒေါ်လာဈေးအပေါ် အခြေခံကောက်မည်

0
292

ထားဝယ်ခရိုင်အတွင်း သုံးစွဲနေသည့် လျှပ်စစ်ယူနစ်ဈေးနှုန်းကို ဒေါ်လာဈေး အတက်အကျအပေါ်တွင် အခြေခံပြီး တွက်ချက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရက ပြောကြားသည်။

လက်ရှိ ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကို Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်လုပ်ကိုင်ခဲ့သည်။

ထားဝယ်ခရိုင်အတွက် လျှပ်စစ် တင်ဒါခေါ်ယူစဉ်က လောင်စာဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်အတက်အကျအပေါ် မူတည်၍ ၃လလျှင် ၁ ကြိမ် လျှပ်စစ်ယူနစ် ဈေးနှုန်းကို ပြင်ဆင်သတ်မှတ်နိုင်ကြောင်း စည်းကမ်းချက် တစ်ခုအဖြစ် ဖော်ပြထားသည်။

ထိုသို့ ၃ လ ၁ ကြိမ် ဈေးနှုန်းပြင်ဆင်လိုပါက တိုင်းအစိုးရအဖွဲ့သဘော တူညီမှုရယူရမည်ဖြစ်သည်။

အဆိုပါကုမ္ပဏီက ဂက်စ်လောင်စာကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်မည်ဟု တင်ဒါအောင်မြင်ထားသည်။

အထက်ပါကုမ္ပဏီဘက်မှ ဂက်စ်အင်ဂျင်ဖြင့် လျှပ်စစ်ထုတ်လုပ်ရန် အဆင်သင့်မဖြစ်သည့်အတွက် စတင်လုပ်ကိုင်ချိန်မှ ဇွန်လကုန်အထိ ဒီဇယ်အင်ဂျင်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေသည်။

ယင်းကုမ္ပဏီက လက်ရှိဇူလိုင်လမှ စတင်ကာ ဂက်စ်အင်ဂျင်များဖြင့် လျှပ်စစ်ထုတ်လုပ်နေပြီဖြစ်သည့်အတွက် ယခုလမှ နောက် ၃ လကြာမြင့်ချိန်တွင် ဒေါ်လာ ဈေးနှုန်းအတက်အကျအတိုင်း လျှပ်စစ်ယူနစ်ဈေးနှုန်းကို ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“အခုဆို လိုင်းပေါ်ကိုစပြီးတော့ Gas အင်ဂျင်စလည်ပြီဆိုရင်တော့ အဲဒီဟာ ပြန်လုပ်မှာပေါ့။ ဈေးနှုန်းအပြောင်းအလဲ ပြန်လုပ်မယ်” ဟု ဦးအောင်သူရက ပြောသည်။

အချိန်သုံးလကြာချိန်တွင် ယူနစ်ဈေးနှုန်း အပြောင်းအလဲလုပ်ရန် ကုမ္ပဏီဘက်မှ တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါကုမ္ပဏီ တင်ဒါယှဉ်ပြိုင်ချိန်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၅၁၃ ကျပ် ပေါက်ဈေးရှိပြီး လက်ရှိတွင် ၁၃၇၀ ကျပ်ဝန်းကျင် ရှိသည်။

ယူနစ်ဈေး အပြောင်းအလဲကို တင်ဒါအောင်စဉ်က အဆိုပြုထားသည့် ၁ ဒေါ်လာလျှင် ၁၅၁၃ ကျပ် ပေါက်ဈေးရှိစဉ်က တစ်ယူနစ်ဈေးနှုန်း ၂၃၈ ကျပ် အပေါ်တွင် အခြေခံတွက်ချက်ကာ ယူနစ်ဈေးအတိုး/အလျော့ရှိမည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောသည်။

ကုမ္ပဏီ၏ အားနည်းချက်ကြောင့်သာ ဒီဇယ်လောင်စာဖြင့် ထုတ်လုပ်နေခြင်းဖြစ်သဖြင့် ဒေါ်လာဈေးနှုန်းကျချိန်တွင် ယူနစ်ဈေးနှုန်းမချသဖြင့် မီးသုံးသူများ နစ်နာရကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သူ ကိုဝေဖြိုးက ဆိုသည်။

“ဒေသအတွက်တော့ အများကြီး နစ်နာတာပေါ့ဗျာ။ ကြားထဲမှာ ဒေါ်လာ ဈေးကျသွားတာတွေ အများကြီးရှိတယ်။ ဒေါ်လာဈေး ကျတာလည်း ခံစားခွင့်မရဘူး။ ဒေါ်လာဈေးတက်တဲ့အချိန်နဲ့တိုးရင် ပိုပြီးပေးရမယ်ဆိုတဲ့ သဘောဖြစ်နေတယ်” ဟု ကိုဝေဖြိုးက ပြောသည်။

အထက်ပါ ကုမ္ပဏီသည် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းအပြင် မြိတ်မြို့နယ်လျှပ်စစ် လုပ်ကိုင်ခွင့်ကိုလည်း ရရှိထားသည်။

ထားဝယ်ခရိုင်အတွင်းရှိ မီတာများတွင် ဧပြီလအတွင်း သုံးစွဲသည့် လျှပ်စစ်ယူနစ်အတက်ကြမ်းသည့်အပေါ် ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။