တိုင်းလွှတ်တော်ဥက္ကဋ္ဌ အခြား မသွားပါ

0
506

ဦးခင်မောင်အေး ပြန်မပါလာခြင်း ဗဟိုက ရွေးချယ်မှု ဟုဆို

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLDပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွင် မပါသော်လည်း အခြားပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအနေနှင့် ရွေးကောက်ပွဲဝင်ရန် မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားလိုက်သည်။

လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ပြိုင်ရန် လျှောက်ထားခဲ့သူ ဖြစ်သည်။

ကိုယ်စားလှယ်လောင်းလျှောက်လွှာ များကို မြို့နယ်အဆင့်ရွေးချယ်ရာတွင် ပထမဦးစားပေးအဖြစ် ရွေးချယ်ခံရသော်လည်း ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန်ရာတွင် ဦးခင်မောင်အေးအစား ဒုတိယ ဦးစားပေးနေရာမှ ဒေါ်မိုးမိုးသူကို ရွေးချယ်လိုက်သည်။

ထိုကြောင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့က ကိုယ်စားလှယ်လောင်းစာရင်းကို အပြောင်းအလဲလုပ်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့သည်။


သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ မပါလာခြင်းမှာ ပါတီ၏ဗဟိုက ရွေးချယ်ဆုံးဖြတ်ခြင်းသာဖြစ်ကြောင်း ပါတီ၏တနင်္သာရီတိုင်း အလုပ်အမှု ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကင်းရှိန်က ပြောကြားသည်။

“ကျွန်တော်တို့တိုင်းအလုပ်အမှု ဆောင်အဖွဲ့က မချန်ရစ်ဘူးခင်ဗျား။ ကိုယ်စားလှယ်အဟောင်းတွေ (လက်ရှိ ကိုယ်စားလှယ်) အားလုံးတင်ပေးပါတယ်” ဟု ဦးကင်းရှိန်က ပြောသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကမူ ကိုယ်စားလှယ်လောင်းစာရင်းတွင် မပါတော့သည့်အတွက် တစ်စုံတစ်ရာ စိတ်ခံစားချက်မရှိဟု ဆိုသည်။ သို့ရာတွင် တိုင်းအတွင်းနေသူများ၏ လူမှုစီးပွားအခက်အခဲများကို လုပ်ခွင့်မရတော့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ၎င်းက ပြောသည်။

ပြည်သူများ၏ လူမှုစီးပွားအခက်အခဲကို ဖြေရှင်းလုပ်ဆောင်ပေးနိုင်ရန် ဝမ်းစာအရည်အချင်းကို ဖြည့်ထားခဲ့ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

“ဒီဟာကို မဖြစ်လိုက်တော့ ပြည်သူတွေအတွက်တော့ လုပ်ပေးခွင့်မရတဲ့အတွက် စိတ်မကောင်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဦးခင်မောင်အေးသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူ ဖြစ်သည်။

ဦးခင်မောင်အေးအပြင် တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်လည်း ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားခြင်း မရှိတော့ပေ။

NLDပါတီ၏ ကိုယ်စားလှယ်လောင်း စာရင်းတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၁၉ ဦး ပါဝင်ခြင်း မရှိတော့ပေ။

သရက်ချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံးလည်း ပြန်မပါလာတော့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့မှာ NLDပါတီမှ ထုတ်ပယ်ခံရသူ ဦးအောင်စိုး၊ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဒေါက်တာလဲ့လဲ့မော်၊ ဦးဝေဝေလွင်နှင့် ဦးထွန်းလင်းတို့ ဖြစ်သည်။

ထိုကဲ့သို့ ကိုယ်စားလှယ်လောင်း ရွေးချယ်မခံရသည့်အတွက် တစ်သီးပုဂ္ဂလ သို့မဟုတ် အခြားပါတီတစ်ခုခုသို့ ကူးပြောင်းရန်မရှိကြောင်း ဦးခင်မောင်အေးက ဆိုသည်။

“ခံယူချက်ကတော့ အမေစုခေါင်းဆောင်နေတဲ့ ကာလမှာတော့ အမေစု နောက်မှာ အကောင်းဆုံးနောက်လိုက်ကောင်း တစ်ယောက်ဖြစ်အောင် အဓိဋ္ဌာန်နဲ့ ကြိုးစားထားတာ။ ဒီတော့ အခုတာဝန်မပေးလည်း တခြားကိုတော့ သွားဖို့ စိတ်ကူးမရှိဘူး” ဟု ဦးခင်မောင်အေးက ပြောသည်။