အားလုံး တန်းတူ ကျောင်းတက်လိုပါသည်

0
848

အထက်တန်းကျောင်းသား တစ်သောင်းခွဲ ကျောင်းနှင့် ဝေးဆဲ

ကိုဗစ်ကာလတွင် ကျောင်းဖွင့်ရသည်မှာ သာမန် အချိန်နှင့်မတူသည်ကို သူလက်ခံထားသည်။ အလုပ်ရှုပ်မည် စိတ်ရှုပ်ရမည်ကိုလည်း သူကြိုတွက်ထားပြီးသား ဖြစ်သည်။

ကိုဗစ်ကာလအတွင်းဖြစ်နေသော်လည်း ဇူလိုင်လ ၂၁ ရက်တွင် အထက်တန်းကျောင်းများဖွင့်ရမည်ဆိုသောကြောင့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာ အထက်တန်းကျောင်းအုပ် ဒေါ်အေးအေးလွင်တစ်ယောက် အလုပ်များရတော့သည်။သို့သော် သူက ကျောင်းဆရာမ တစ်ယောက်မဟုတ်လား။

ကျောင်းဆရာမတစ်ယောက်ဆိုသည်ထက် ကျောင်းအုပ်ဆရာမ တစ်ယောက်ဖြစ်နေသဖြင့် တစ်ကျောင်းလုံးက ကိစ္စအဝ၀ကို ကျောင်းမဖွင့်ခင်ကတည်းက သူစီမံရမည့်တာဝန်က ရှိနေသေးသည်။

ထိုကြောင့် သူစိတ်ညစ်သော်လည်း ကြိုပြင်ဆင်စရာရှိသည်ကို သူတတ်နိုင်သလောက် ကြိုပြင်ထားလိုက်သည်။

“စိတ်ညစ်တယ်ဆိုလည်း ဘယ်တတ် နိုင်မလဲ။ ကျွန်မတို့တာဝန်ပဲကိုလေ” ဟု ဒေါ်မိုးမိုးလွင်က ဆိုသည်။

အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ

သို့သော် အမှန်တကယ် ဇူလိုင်လ ၂၁ ရက် ကျောင်းဖွင့်သောအခါ သူ့ကျောင်းမှာ ဖွင့်ခွင့်ရသည့် ကျောင်းစာရင်းတွင် မပါဝင်လာသေးပေ။

ကျောင်းဖွင့်ခွင့်အတွက် မည်သည့်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရမည်၊ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေကို ကိုဗစ် ကာကွယ်ရေးအတွက် မည်သို့အသုံးပြုရမည်ကို မသိသည့် ကျောင်းအချို့လည်း ဖွင့်ခွင့်မရသည့် ကျောင်းစာရင်းတွင် ပါဝင်သွားလည်းရှိနေသည်။

ရေဖြူမြို့နယ် ရလိုင်အထက်တန်းကျောင်းသည်လည်း ထိုအထဲတွင်ပါဝင် နေသည်။

“ကျောင်းမှာ ရန်ပုံငွေကလည်း သိပ်မရှိဘူး။ ပညာရေးဝန်ကြီးဌာနကလည်း လိုအပ်တာတွေဝယ်ဖို့ ပိုက်ဆံချ ပေးမယ်လို့တော့‌ ပြောတယ်။ အခုထိ မရသေးဘူး။ လောလောဆယ်တော့ စိုက်ငွေနဲ့လုပ်တယ်။ အလှူရှင်တွေ လှူထားတဲ့ ဟာတွေနဲ့ပဲလုပ်နေရတယ်” ဟု ရလိုင် အထက်တန်းကျောင်းအုပ် ဆရာမက ပြောသည်။

ထိုကဲ့သို့ဖွင့်ခွင့်မရသည့် အထက်တန်းကျောင်းမှာ တနင်္သာရီတိုင်းတွင် ၆၆ ကျောင်းရှိနေသေးကြောင်း တိုင်းပညာရေးမှူးရုံး၏ ဇူလိုင်လ ၂၂ ရက် စာရင်းအရ သိရသည်။

ယင်းကဲ့သို့ ကျောင်းဖွင့်ခွင့်မရသေးသဖြင့် ကျောင်းတက်ခွင့်မရသေးသည့် အထက်တန်းကျောင်းသား စုစုပေါင်းမှာ တစ်သောင်းခွဲနီးပါး (၁၄၉၆၆ ဦး) ရှိနေကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။

အဆိုပါ ကျောင်းတက်ခွင့်မရသေးသည့် အထက်တန်းကျောင်းသားများကို မည်သည့်အချိန်တွင် ကျောင်းတက်ခွင့် ရမည်ဆိုသည်မှာ အတိအကျမပြောနိုင်သေးသည့် အခြေအနေတွင်ရှိနေကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ဇူလိုင်လ ၂၂ ရက်က ပြောသည်။

“နောက်ထပ်မဖွင့်ရသေးတဲ့ကျောင်း ကိစ္စ လောလောဆယ်ဘာမှ (အခြေခံ ပညာဦးစီးဌာနက) ပြောထားတာမရှိ သေးဘူး” ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

အချို့ကျောင်းသားများ ကျောင်းတက်ခွင့်ရနေပြီး အချို့ကျောင်းသားများ တက်ခွင့်မရသေးသည်မှာ ကျောင်းဖွင့်ရာတွင် လိုက်နာရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ကြိုတင်စီစဉ်ထားရှိမှုနှင့် သက်ဆိုင်နေသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာ၊ ကျောင်းသားများအတွက် နှာခေါင်းစည်း၊ မျက်နှာကာ၊ ကိုယ်အပူချိန်တိုင်းစက်၊ လက်ဆေးဘေစင်၊ ခြေနင်းအမှိုက်ပုံး၊ ကျောင်းသား ငါးဆယ်တစ်ပြိုင်တည်း ဆီးသွားရန် နေရာတစ်ခု၊ ကျောင်းသူ ငါးဆယ်ဦး တစ်ပြိုင်တည်း ဆီးသွားရန်နေရာတစ်ခု စသည်ဖြင့် အချက်ပေါင်း ၈၀ ကို စည်းကမ်းသတ်မှတ်ထားသည်။

ထိုစည်းကမ်းချက် အချက် ၈၀ အနက် တစ်ခု၊ နှစ်ခုခန့် မလုပ်ဆောင်ထားလျှင် သို့မဟုတ် မပြည့်စုံလျှင် ထိုကျောင်းသည် သတ်မှတ်အချိန်အတွင်း ကျောင်းဖွင့်ခွင့်မရတော့ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် လုံးဝကျောင်းဖွင့်ခွင့်မရသေးသည့် မြို့နယ်နှစ်မြို့နယ်ရှိနေသေးသည်။ ၎င်းတို့မှာ သရက်ချောင်းနှင့် ရေဖြူမြို့နယ်တို့ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ထိုးကြောင့် ယင်းမြို့နယ်နှစ်ခုမှ အထက်တန်းကျောင်းသားများအားလုံး မည်သူမျှ ကျောင်းတက်ခွင့်မရသေးပေ။

“တခြားရွာတွေနဲ့စာရင် ကျွန်တော်တို့ရွာမှာ ကျောင်းတွေဖွင့်မရသေးတဲ့အပေါ်မှာ စိတ်တော့ဖြစ်မိတာပေါ့နော်။ သူများရွာတွေနဲ့စာရင် ကိုယ့်ရွာက ကံမကောင်းဘူးဆိုတာမျိုး စိတ်တော့ ဖြစ်မိတာပေါ့နော်” ဟု သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာမှ ဒဿမတန်း ကျောင်းသားတစ်ဦး၏ အုပ်ထိန်းသူ ဦးလှထွေးက ဆိုသည်။

နယ်ကျောင်းက ကျောင်းအုပ် ဆရာများ သတ်မှတ်စည်းကမ်းချက်များအတိုင်း ကျောင်းဖွင့်ခွင့်ရရန် ခေါင်းခဲနေကြချိန်တွင် ကျောင်းဖွင့်နေကြပြီဖြစ်သော ကျောင်းအချို့ အထူးသဖြင့် မြို့ကျောင်းအချို့မှ ကျောင်းသားများကို အုပ်စုလိုက် ကျောင်းကြိုပို့နေသည်မှာ ကိုဗစ်ထိန်းချုပ်ရေးဆိုသည့် စည်းကမ်းနှင့် လက်တွေ့မှာ ဖီလာဆန့်ကျင်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။

ကိုဗစ်ကာလ အရေးပေါ်ငွေကြေး လိုအပ်ချက်ကို ကျေးရွာအချို့ကသာ အချိန်မီဖြည့်ဆည်းနိုင်ပြီး အချို့ကျောင်းများ အခက်အခဲဖြစ်နေကြောင်း ညောင်ဇင်ကျောင်းအုပ်ဆရာမ ဒေါ်အေးအေးလွင်က ပြောသည်။

ရေဖြူမြို့နယ် ဇာဒီကျေးရွာမှ နဝမတန်းကျောင်းသာတစ်ဦး၏ ဖခင် ဦးစုမဲကမူ ကိုဗစ်ကာလ ကျောင်းဖွင့်သည့်ကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏ဆန္ဒကို အောက်ပါအတိုင်းဖွင့်ဟလေသည်။

“မပြည့်စုံတဲ့ ကျောင်းတွေကျတော့ ကိုယ်ချင်းစာတာပေါ့။ ဖွင့်နေပြီးဖြစ်တဲ့ ကျောင်းတွေနဲ့စာရင်လေ။ အားလုံး တန်းတူပဲ တက်ရအောင် လုပ်ပေးစေချင် တယ်ပေါ့။ ဒီကျောင်းဖွင့်ရင် ဟိုကျောင်းလည်းဖွင့် ဖြစ်စေချင်တာပေါ့။ တချို့ရွာ တွေမှာကတော့ ဆင်းဆင်းရဲရဲဆိုတော့ လိုက်လို့မမီတာတွေရှိနေတယ်လေ”