စနစ်တကျထိန်းသိမ်းရေး မလုပ်နိုင်သေးသည့် တိုင်းထဲက ဒီရေတောကဏန်း ထိန်းသိမ်းရေးဇုန်သုံးခု

0
334

တနင်္သာရီတိုင်းရှိ ဒီရေတောကဏန်း ထိန်သိမ်းရေးဇုန်သုံးခုကို စနစ်တကျ ထိန်သိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

တိုင်းအတွင်း ကျွန်စုမြို့နယ် ပထော်ကျေးရွာတွင် ၃၅၀ ဧက၊ သရက်ချောင်းမြို့နယ် လဘကျေးရွာတွင် ၁၁၅ ဧက၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာတွင် ၁၀ဝ ဧကတို့ကို ဒီရေတောကဏန်း ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဦးစိုးသန့်က ပြောသည်။

ယင်းဇုန်များကို ၂၀၁၀ ခုနှစ်ကတည်းက အမိန့်ထုတ်ပြန် သတ်မှတ်ခဲ့သော်လည်း ဝန်ထမ်းအင်အား နည်းပါးသောကြောင့် ယနေ့အချိန်အထိ ကင်းလှည့်ခြင်း၊ အသိပညာပေးခြင်း စသည့် ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း တစ်ခါတစ်ရံ ကွင်းဆင်းခြင်း၊ ကဏန်းသားပေါက်များ စိုက်ထည့်ခြင်း၊ သတိပေးဆိုင်းဘုတ် စိုက်ထူခြင်းတို့ကိုမူ ဆောင်ရွက်နေကြောင်း ဦးစိုးသန့်က ပြောသည်။

လက်ရှိတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ ထားဝယ်သုတေသန အသင်းစသည်တို့ ပူးပေါင်းပြီး သရက်ချောင်းမြို့နယ်ရှိ ဒီရေတောကဏန်းထိန်းသိမ်းရေးဇုန်တစ်ခုကို အဆင့်မြှင့်တင် ထိန်းသိမ်းရန်စီစဉ်နေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ အဏ္ဏဝါထိန်းသိမ်းရေးပညာရှင် ဦးသောင်းထွဋ်က ပြောသည်။

ထိန်းသိမ်းရေးဇုန်အတွင်း ကင်းလှည့်ခြင်း၊ မြေပုံစာရွက်နှင့် မြေပြင်အခြေအနေ ကွဲလွဲသတ်မှတ်ထားသည့် ဧရိယာများပြန်လည် တိုင်းတာသတ်မှတ်ခြင်း၊ အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ကူညီမည်ဖြစ်ကြောင်း ဦးသောင်းထွဋ်က ပြောသည်။

“ကဏန်းဒိုင်တွေ ပြောပြချက်အရ ကဏန်းက သူတို့ဆီလာရောင်းတာ လုံးဝ ကျသွားတယ်။ ရေလုပ်သားတွေကို မေးကြည့်တော့ အရင်တုန်းက အကောင်တစ်ရာဖမ်းမိနေရာကနေ အကောင် ငါးဆယ်လောက်ပဲ ဖမ်းမိလာတယ်။ ဖမ်းမိတဲ့အကောင်တွေရဲ့ အရွယ်အစားကလည်း သေးလာတယ်။ သူတို့ (ဒေသခံတွေ) ကလည်း အဲဒီအတွက် စိတ်ပူလာတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအတွက်ကြောင့် လဘရွာအနီးဝန်းကျင်မှ ဒေသခံများကလည်း ထိန်းသိမ်းရေးလုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိကြောင်း ၎င်းက ပြောသည်။

တိုင်းထဲရှိ ဒီရေတောကဏန် ထိန်းသိမ်းရေးဇုန်သုံးခုစလုံးသည် လမ်းပမ်းဆက်သွယ်ရေးအရလည်းကောင်းမွန်နေသဖြင့် ထိန်သိမ်းရေးလုပ်ငန်းလုပ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းအတွက်လည်း အလားအလာကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကဏန်းထိန်းသိမ်းခြင်းဖြင့် ဒီရေတောထိန်သိမ်းရေးကိုပါ ဆောင်ရွက်နိုင်လာသဖြင့် ရာသီဥတုပြောင်းလည်းမှုဖြစ်စဉ်နှင့် ဂေဟစနစ်အတွက်လည်း ပိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဦးသောင်းထွဋ်က ပြောသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ဒီရေတောကဏန်း ထိန်းသိမ်းရေးဇုန်တစ်ခုကိုမူ အဆင့်မြှင့်တင် ထိန်းသိမ်းနိုင်ရန် စီစဉ်နေကြသော်လည်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်တို့ရှိ ထိန်းသိမ်းရေးဇုန် ဧကလေးရာကျော်မှာ ထိန်းသိမ်းရေးလုပ်ဆောင်ရန် ကျန်နေသေးကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး