ပက်ထရိုကုမ္ပဏီ လျှပ်စစ်မီး စပေးရန် ပြင်ဆင်

0
450

မြိတ်မြို့အား လက်ရှိလျှပ်စစ်ဓာတ် ဖြန့်ဖြူးနေသည့် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီထံမှ လွှဲပြောင်းကာ ဇူလိုင်လ ၁၉ ရက်နေ့တွင် လျှပ်စစ်မီးပေးနိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း Petro & Trans ကုမ္ပဏီထံမှသိရသည်။

တိုင်းဒေသကြီးအစိုးရနှင့် ချုပ်ဆိုထားသည့် စာချုပ်အရ ယင်းရက်တွင် စတင်လွှဲပြောင်း ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း Petro & Trans ကုမ္ပဏီ၏ တနင်္သာရီတိုင်း လျှပ်စစ်ဖြန့်ဖြူးရေး အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။

“မီးစက်တွေ ထရန်စဖော်မာတွေ အားလုံး ရောက်နေပါပြီ။ တပ်လည်းတပ် ဆင်နေပါပြီ” ဟု ၎င်းက ပြောသည်။

Petro & Trans ကုမ္ပဏီသည် မြိတ်မြို့နယ်လျှပ်စစ်အတွက် HFO လောင်စာဖြင့် တစ်ယူနစ်လျှင် ၂၉၂ ကျပ်နှုန်းဖြင့် တင်ဒါအောင်ထားသည့် ကုမ္ပဏီ ဖြစ်ပြီး လက်ရှိ ကိုဗစ်ကာလကြောင့် ကိုးရီးယားနိုင်ငံသို့ သွားရောက်၍ HFO လောင်စာသုံး မီးစက်နှင့် လောင်စာများယူရန် အခက်အခဲဖြစ်နေသည်။

ယင်းကြောင့် ဒီဇယ်အင်ဂျင်စက်များဖြင့် ယာယီပေးသွားမည်ဖြစ်ကြောင်း ဦးတင်ထွန်းဦးက ပြောပြသည်။

ဒီဇယ်ဆီဖြင့် ယာယီပေးရသော်လည်း တင်ဒါအောင်ထားသည့် ဈေးနှုန်းအတိုင်းသာ
ကောက်ခံရမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ပြောဆိုထားသည်။

မြိတ်လျှပ်စစ်အတွက် အဆိုပါကုမ္ပဏီနှင့် တိုင်းအစိုးရတို့ မေလ ၂၆ ရက်နေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်သက်တမ်းမှာ ငါးနှစ် သို့မဟုတ် မဟာဓာတ်အားလိုင်းရောက်ရှိသည့် အချိန်အထိဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုထားသည်။