မြိတ်တွင် ဝက်တချို့ သေဆုံးမှု အာဖရိကအပြင်းဖျားရောဂါမဟုတ်ဟုဆို

0
453

မိတ်တွင် ပြီးခဲ့သည့်အပတ်က ဝက်အချို့သေဆုံးခဲ့ရာ ယင်းမှာ လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် မဟုတ်ကြောင်း မြိတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်တွင် သေဆုံးနေသည့် ဝက်အချို့ ချောင်းမြောင်းများအတွင်း စွန့်ပစ်ထားသည်ကို ဇူလိုင်လ ၁၀ ရက်နေ့မှ စတင် တွေ့ရှိရပြီးနောက် တာဝန်ရှိသူများက ဈေးများ၊ မွေးမြူရေး ခြံများတွင် လိုက်လံစစ်ဆေးခဲ့သည်။

ယင်းနောက် သေဆုံးသည့် ဝက်အသားစများအား ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ပေးပို့ခဲ့ရာ အာဖရိကဝက် အပြင်းဖျားရောဂါပိုး မတွေ့ရှိရဘဲ ရာသီအကူးအပြောင်းကာလတွင် သာမန် သေဆုံးခြင်းသာဖြစ်ကြောင်း မြိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာကေသီမောင်က ပြောသည်။

“နောက်ထပ် ဆက်လက်ပြီးတော့ လည်း ဓာတ်ခွဲခန်းကို ပေးပို့နေပါတယ်။ ဒီပိုးတွေ့ရင်တော့ ကျွန်မတို့ ချက်ချင်း ထုတ်ပြန်အသိပေးသွားမယ်။ လုပ်စရာ ရှိတာလည်း ဆက်လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် ဝက်သေဆုံးမှု ထပ်မံမတွေ့ရသေးဘဲ ဝက်မွေးမြူရေးသမားများအား ဝက်ကျန်းမာရေးနှင့် ပတ်သက်သည့် ဇီဝလုံခြုံရေး သင်တန်းများပေးခြင်း၊ ဈေးများတွင် ရောင်းချနေမှုအား လိုက်လံစစ်ဆေးခြင်း၊ မြို့နယ်အလိုက် သတင်းအချက်အလက် ရယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေါက်တာကေသီမောင်က ဆိုသည်။

“ဈေးတွေမှာ အသားတွေကို စစ်တယ်။ နာသား၊ သေသားကို လုံးဝ မရောင်းချကြဖို့လည်း လက်ကမ်းစာစောင်တွေနဲ့ အသိပေးဖြန့်ဝေတယ်” ဟု ၎င်းက ပြောပြသည်။

အာဖရိကဝက်အပြင်းဖျား ရောဂါကြောင့် ဝက်များသေဆုံးနေရသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မြိတ်ရှိ ဝက်မွေးမြူသူများအနေနှင့် ရောဂါကူးစက်လာမည်ကို စိုးရိမ်နေ ကြသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာ ဌာနများ၏ ညွန်ကြားချက်များအား ဂရုတစိုက် လိုက်နာပြီး ပိုမိုတိုးမြှင့် စောင့်ကြည့်နေကြောင်း ဝက်မွေးမြူသူအချို့က ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ဖျာပုံနှင့် ဓနုဖြူမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှစ၍ ဝက်များအစာစားနေစဉ် လဲကျသေဆုံးခြင်း၊ အချို့မှာ အိပ်နေစဉ်သေဆုံးခြင်းများ ဖြစ်နေပြီး ယင်းမှာအာဖရိက ဝက်အပြင်းဖျားရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ပညာရှင်များက အတည်ပြုပြောကြား ထားသည်။

ယင်းနောက် ယခုရက်သတ္တပတ်အတွင်း ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့တွင်လည်း ယင်းအာဖရိကအပြင်းဖျား ရောဂါကူးစက်လျက်ရှိနေသည်။

ယင်းရောဂါကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံတွင် ဝက်အကောင်ရေအများအပြား သေဆုံးခဲ့ဖူးပြီး မြန်မာနိုင်ငံတွင်လည်း မန္တလေးတိုင်းတွင် ၂၀၁၉ ဇွန်လက ဖြစ်ပွားခဲ့ဖူးသည်။