တရားမဝင် ငါးဖမ်းဆီးမှု စစ်ဆေးရန် ကင်းလှည့်ရေယာဉ် အသုံးပြုမည်

0
689

မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းနီးရေပြင်အတွင်း တရားမဝင် ငါးဖမ်းဆီးမှုများကို စစ်ဆေးရန် ကင်းလှည့်ရေယာဉ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးထံမှ သိရသည်။

ဒိန်းမတ်နိုင်ငံမှ ကူညီပံ့ပိုးထားသည့် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်း အစီအစဉ်အရ တနင်္သာရီတိုင်းအတွက် ကင်းလှည့်ရေယာဉ်တစ်စီးကို ပံ့ပိုးခြင်းဖြစ်ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းနောင်ဦးက ပြောသည်။

အဆိုပါ ကင်းလှည့်ရေယာဉ်ကို ကိုဗစ်ကာလပြီးပါက ရေချပြီး ငါးလုပ်ငန်း ဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကင်းလှည့်စစ်ဆေးမည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

ကင်းလှည့် ရေယာဉ်သည် အလျား ၃၄ ပေကျော်၊ အနံ ၁၂ ပေကျော်နှင့် ၁၅ ယောက်စီး အရွယ်အစားရှိပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ သုံးသိန်းကျော်တန်ဖိုးရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ငါးလုပ်ငန်းစီမံကိန်းကို ထားဝယ်ခရိုင်မှ ကျေးရွာသုံးရွာ၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ပန်းဇင်နှင့် စခန်းသစ်ကျေးရွာနှစ်ရွာနှင့် ရခိုင်ပြည်နယ်တွင်းမှ ကျေးရွာသုံးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)