တပ်မတော်သား တစ်ဦးကို ပစ်ခတ် ထွက်ပြေးသွားသူကို ဖမ်းမမိသေး

0
2123

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိသည့် မူးယစ်ဆေးအမှု ကွင်းဆက်တရားခံအား ရေးမြို့နယ်တွင် သွားဖမ်းစဉ် တပ်မတော်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသူကို ဖမ်းမမိသေးကြောင်း ရေးမြို့မ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေး သယ်ဆောင်လာသူတစ်ဦးကို ဇူလိုင်လ ၇ ရက်က မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့သည်။

ဖမ်းမိသူ၏ ထွက်ဆိုချက်အရ ကွင်းဆက်သံသယရှိသူကို ရေးမြို့နယ်အတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းကာ ဇူလိုင်လ ၉ ရက် ညအချိန်တွင် သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေးစဉ် တရားခံက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး သေနတ်ဒဏ်ရာရသွားသည့် တပ်မတော်သားသည် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

သေဆုံးသွားသည့် တပ်မတော်သားမှာ ဗိုလ်ကြီးအောင်ပြည့်ဖြိုးဖြစ်ကြောင်း ဒုရဲမှူးဝင်းမြင့်က ပြောဆိုခဲ့သော်လည်း မည့်သည့်တပ်ရင်းမှဆိုသည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားသူကိုမူ ဇူလိုင်လ ၁၇ ရက်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးနေဆဲသာဖြစ်ကြောင်း ဒုရဲမှူးဝင်းမြင့်က ပြောသည်။

“အခုထိတော့ ဖမ်းလို့ မမိသေးဘူး ပေါ့လေ။ ဒီကောင်သွားလာတတ်တဲ့ နေရာတွေကိုတော့ မေးမြန်းစုံစမ်းနေရ တာပေါ့” ဟု ၎င်းက ပြောသည်။

မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိသူ၏ နောက်ထပ်ကွင်းဆက် တရားခံတစ်ယောက်ကိုမူ ထားဝယ် အဝေးပြေးကားကွင်း၌ ဖမ်းဆီးရမိထားကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ကျော်သူစိုး