တိုင်းအတွင်း အစိုးရတည်ဆောက်ရေး တင်ဒါလုပ်ငန်းများ သတ်မှတ်ကာလအတိုင်းသာ လုပ်ငန်းအပ်နှံရမည်

0
410

တိုင်းအတွင်းရှိ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အတိုင်းသာ လုပ်ငန်းအပ်နှံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တင်ဒါစီစစ်ရေးကော်မတီ ဥက္ကဋ္ဌဝန်ကြီး ဦးအောင်သူရက ပြောသည်။

ကိုဗစ်ကြောင့် အစိုးရတည်ဆောက် ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် တရားဝင်စာထုတ်အကြောင်းကြားထားခြင်း မရှိသကဲ့သို့ ကိုဗစ်ကြောင့် လုပ်ငန်းရပ်ဆိုင်းထားသည့် တည်ဆောက်ရေးလုပ်ငန်းများလည်း မရှိကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

“ကျွန်တော်တို့ တိုင်းအတွင်းမှာကတော့ အခုလောလောဆယ်ကတော့ ပုံမှန်အတိုင်းပဲ သွားမှာပေါ့” ဟု ဝန်ကြီးဦးအောင်သူရက ဆိုသည်။

နိုင်ငံခြားမှ ပစ္စည်းဝယ်ယူသည့် ကုမ္ပဏီတစ်ခုမှအပ တည်ဆောက်ရေးလုပ်ငန်းနှင့် ပက်သက်ပြီး အချိန်ထပ်တိုးပေးရန် တောင်းဆိုတင်ပြလာသည့် ကုမ္ပဏီများမရှိကြောင်း ဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် သတ်မှတ်ကာလတွင် လုပ်ငန်းမပြီးစီးပါက ရက်လွန်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တင်ဒါအောင်မြင်ပြီး လုံးဝလာမလုပ်သည့် ကုမ္ပဏီ ၅ ခုကို နာမည်ပျက် စာရင်းသွင်းကာ အရေးယူခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။

ဧပြီလနှင့် မေလ ကိုဗစ်ကြောင့် (Home Stay) နေအိမ်တွင်သာ နေထိုင်ရသည့်ကာလတွင် အလုပ်သမားများလျှော့ချလိုက်ခြင်း၊ ကိုဗစ်ကိုကြောက်၍ ပြန်သွားသည့် အလုပ်သမားများရှိခြင်းကြောင့် တည်ဆောက်ရေးလုပ်ငန်းများ အခက်အခဲအနည်းငယ် ကြုံခဲ့ရသည်ဟု တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်မင်းမင်းလတ်က ပြောသည်။

“Home Stay ကာလမှာ အချိန်ကန့်သတ်တွေနဲ့ လုပ်ရတဲ့ဟာမျိုးလေးတွေရှိတဲ့အတွက် ဒီ ၃ လဆိုတဲ့အချိန်ကို ကျွန်တော်တို့ကို အစားထိုးပေးရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အသက်ရှုချောင်မယ်လို့တော့ ပြောရမှာပေါ့နော်။ ဒီ ၃ လကို Extension (ရက်ထပ်တိုး)ပေးလို့မရဘူး။ စာချုပ် အတိုင်းပဲဆိုရင်တော့ တချို့ကုမ္ပဏီတွေတော့ ထိခိုက်နစ်နာမှုတွေ ဖြစ်သွားနိုင်တယ်” ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။

ကိုဗစ်ကြောင့် ရပ်တန့်ခဲ့ရသည့် အစိုးရတင်ဒါ ဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်ကာလထက် ၃ လ နောက်ဆုတ်ပေးမည်ဖြစ်ကြောင်း ဇူလိုင် ၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ကျော်လင်းက ထည့်သွင်းပြောကြားခဲ့သည်။

မိုးမြင့်