အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခ တစ်လ ငါးသိန်းအထိ ဈေးတက်မည်

0
756

ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ ငှားရမ်းခကို တစ်လလျှင် ကျပ်ငါးသိန်းအထိ တိုးကောက်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။

အဆိုပါ ရုပ်ရှင်ရုံနှင့် မြေနေရာငှားရမ်းခအဖြစ် ယခင်က တစ်လလျှင် ကျပ်သုံးသိန်း ကောက်ခံနေရာမှ လက်ရှိတွင် ငါးသိန်းကျပ်အထိ တိုးမြှင့်ကောက်ခံရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ငှားရမ်းမည့် စာချုပ်သက်တမ်းကို ငါးနှစ်သတ်မှတ်ထားပြီး တစ်နှစ်တစ်ကြိမ် သို့မဟုတ် ၂ နှစ်တစ်ကြိမ် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေးနေကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။

အဆိုပါရုပ်ရှင်ရုံနှင့် မြေနေရာကို ထားဝယ်မြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ငှားရမ်းထားပြီး ရုပ်ရှင်ပြသခြင်းအပြင် လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်တို့လည်း ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

“(စာချုပ်) မူကြမ်းအနေနဲ့ စိစစ်နေတုန်းပဲ ရှိသေးတယ်။ ဒါကို ဆွေးနွေးနေတုန်း အနေအထားပဲ ရှိသေးတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

စာချုပ်ကို ယခုလအတွင်း ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ယခင်က ထားဝယ်မြို့တွင် ရုပ်ရှင်ရုံ ၂ ရုံရှိပြီး မင်္ဂလာသီရိရုပ်ရှင်ရုံကို ၁၉၉၉ ခုနှစ်ကတည်းက ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ စည်းကမ်းသတ် မှတ်ချက်များဖြင့် အပြီးအပိုင်ရောင်းချခဲ့ပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရုပ်ရှင်ရုံကိုဝယ်ယူသူက စည်းကမ်းသတ်မှတ်ချက် ဖောက်ဖျက်ပါက ပြန်လည်သိမ်းယူမည်ဖြစ်ပြီး ဟောင်းနွမ်းနေသည့် ရုပ်ရှင်ရုံကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်များ တင်ပြထားကြောင်း တိုင်းအစိုးရအဖွဲ့ မှတ်တမ်းအရ သိရသည်။

မင်္ဂလာသီရိရုပ်ရှင်ရုံတွင် ရုပ်ရှင်မပြသသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတွင် ဘီယာဆိုင်၊ ကော်ဖီဆိုင်များ ဖွင့်လှစ်ထားသည်။

ကိုဇော်