၀န်ကြီးချုပ်ပြောင်းပြီးနောက် လွှတ်တော်၏ အဆိုနှင့် မေးခွန်း ထက်ဝက် ကျ

0
502

လက်ရှိအစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း ဝန်ကြီးချုပ်နှစ်ဦး တာဝန်ထမ်းဆောင်ခဲ့ရာ ဝန်ကြီးချုပ် အပြောင်းအလဲနောက်ပိုင်း တိုင်းလွှတ်တော်၏ မေးခွန်းမေးမြန်းမှု ထက်ဝက် လျော့နည်းသွားခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်လက်ထက်က လွှတ်တော်အစည်းအဝေးတစ်ကြိမ် ကျင်းပလျှင် ပျမ်းမျှမေးခွန်း ၃၀ ခန့် မေးမြန်းခဲ့ပြီး ဝန်ကြီးချုပ် ဦးမြင့်မောင်လက်ထက်တွင် မေးခွန်း ၁၅ ခုခန့်သာ မေးမြန်းတော့သည်။

ဒေါက်တာလဲ့လဲ့မော်လက်ထက် လွှတ်တော် ပုံမှန်အစည်းအဝေး ၁၁ ကြိမ်တွင် ကြယ်ပွင့်ပြ/ မပြ မေးခွန်းနှင့် အဆို စုစုပေါင်းသုံးရာကျော် မေးမြန်းခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ် ဦးမြင့်မောင်လက်ထက် ပုံမှန်အစည်းအဝေး ၅ ကြိမ်တွင် မေးခွန်းနှင့် အဆို ခုနစ်ဆယ်ကျော်သာ မေးမြန်းတော့သည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် မတ်လ ၂၂ ရက်နေ့တွင် တိုင်းလွှတ်တော်၏ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးမြင့်မောင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်အတည်ပြုခဲ့သည်။

အစိုးရသစ် စတက်တက်ချင်းအချိန်တွင် ပြည်သူများအကြား လိုအပ်ချက်နှင့် အခက်အခဲများပြားသည့်အတွက် မေးခွန်းမေးမြန်းမှု များပြားခြင်းဖြစ်ပြီး ထိုကဲ့သို့မေးခွန်းများခြင်းမှာလည်း သဘာဝပင်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ဆိုသည်။

ယင်းကာလ နောက်ပိုင်းတွင် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများလာသဖြင့် မေးခွန်းနည်းလာခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

“ပထမသုံးနှစ်နဲ့ ဒုတိယ နှစ်၊ ယှဉ်လိုက်တဲ့အခါမှာဆိုရင်တော့ သဘော သဘာဝအရကို မေးခွန်း နည်းသွားနိုင်တဲ့ အနေအထား မျိုးရှိတယ်” ဟု ဦးကြည်စိုးက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင်လည်း ယင်းကဲ့သို့ပင် မေးခွန်းနည်းသွားကြောင်း ၎င်းက ဆိုသည်။

ဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း လွှတ်တော်အစည်းအဝေးအတွင်း မေးခွန်းမေးမြန်းမှုများသူ ဦးကျော်မင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားသည့်အတွက် နည်းသွားခြင်းဖြစ်နိုင်ကြောင်း လွှတ်တော်အစည်းအဝေးအများစုကို လေ့လာသူအဖြစ် တက်ရောက်လေ့ရှိသည့် အမျိုးသားတစ်ဦးက သုံးသပ်သည်။

“အဲဒီအချိန်တုန်းက မေး(များ)တဲ့သူတွေက ဝန်ကြီးနေရာရောက်သွားတော့ လျော့သွားနိုင်တာလည်း တစ်ချက် ရှိတာပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကမူ မေးခွန်းအမေးများသည့် ဦးကျော်မင်းက တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်သွားသည့်အတွက် လွှတ်တော်အားနည်းသွားမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

တိုင်းလွှတ်တော်၏ သက်တမ်းလေးနှစ်ကျော်ကာလအတွင်း မေးခွန်း ၃ ခုသာ မေးမြန်းသည့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်လည်း ရှိသည်။

အထက်ပါကာလအတွင်း ဘုတ်ပြင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် ဦးတင်ထွန်းက ကြယ်ပွင့်ပြမေးခွန်း ၃ ခုသာ မေးမြန်းခဲ့ကြောင်း လွှတ်တော်မှတ်တမ်းအရ သိရသည်။

ဒုတိယအနည်းဆုံး မေးမြန်းသူမှာ သရက်ချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ် ဦးဝေဝေလွင်ဖြစ်ပြီး အဆိုနှင့်မေးခွန်း ၁၂ ခုသာ မေးမြန်းထားသည်။

တတိယအနည်းဆုံးက ကော့သောင်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ် ဦးနေထွန်းဖြစ်ပြီး မေးခွန်း ၁၅ ခု မေးထားကြောင်း တိုင်းလွှတ်တော် မှတ်တမ်းအရ သိရသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှ နုတ်ထွက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးဖြိုးဝင်းထွန်းနှင့် ဦးကြည်လှိုင်တို့လည်း မေးခွန်းမေးမြန်းမှု နည်းသည်ကို လွှတ်တော်မှတ်တမ်းအရ သိရသည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ် မတ်လအတွင်းက နုတ်ထွက်ခဲ့ကြသည်။

အစိုးရအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက် ပြီးချိန်မှ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ဦးဖြိုးဝင်းထွန်းက မေးခွန်းတစ်ခုမေးထားပြီး ဦးကြည်လှိုင်က မေးခွန်း ၆ ခုမေးထားသည်။

လွှတ်တော်ကိုယ်စားလှယ်က မေးခွန်း မေးမြန်းမှုနည်းရခြင်းမှာ မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှုနည်းပါးခြင်းကြောင့် ဖြစ်နိုင်ကြောင်း တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးကြည်စိုးက သုံးသပ် သည်။

မေးခွန်းမေးမြန်းမှုနည်းခြင်းကြောင့် ပြည်သူများ အမှန်တကယ်ခံစားနေရသည့် အခက်အခဲများကို သက်ဆိုင်ရာ အစိုးရဌာနက ဝန်ဆောင်မှုပေးရာတွင် အားနည်းသွားစေနိုင်ကြောင်း ၎င်းက ဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ အလုပ်မပေါ်လွင်တဲ့အတွက်ကြောင့် တချို့ဌာနဆိုင်ရာတွေကလည်း မိမိတာဝန်ကို တာဝန်မှန်းသိပြီးတော့ တာဝန်ကျေပွန်စွာဆောင်ရွက်မှုအပိုင်း ထိခိုက်သွားစေနိုင်တယ်” ဟု ဦးကြည်စိုးက ပြောသည်။

သို့ရာတွင် လွှတ်တော်အစည်းအဝေးအတွင်း မေးခွန်းမေးမြန်းမှု နည်းသော်လည်း လွှတ်တော်၏ ရေးရာကော်မတီများတွင် ပါဝင်နေပြီး ကွင်းဆင်းစိစစ်ခြင်း၊ အစီရင်ခံစာများရေးသားခြင်း စသည့် သက်ဆိုင်ရာကော်မတီအလိုက် လုပ်ဆောင်သည့်အပိုင်းတွင်မူ အားကောင်းနေတတ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းလွှတ်တော်အတွင်း မေးမြန်းမှုအများဆုံး လွှတ်တော်ကိုယ်စားလှယ်များမှာ မြိတ်ခရိုင်မှ ဖြစ်ကြသည်။

မေးခွန်းအထုတ်ဆုံးသူမှာ တနင်္သာရီမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးရဲမြင့်ဆွေဖြစ်ပြီး ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ အဆိုနှင့် မေးခွန်း ၆၁ ခုအထိ မေးထားသည်။

ဒုတိယအများဆုံးက ပုလောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ကိုယ်စားလှယ် ဦးကျော်မင်းဖြစ်ပြီး အဆိုနှင့် မေးခွန်း ၅၈ ခု မေးထားကာ တတိယအများဆုံးမှာ အဆို၊ မေးခွန်း ၅၄ ခု မေးထားသည့် ကျွန်းစုမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါက်တာထူးနေအောင် ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ် ၂၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထိုအရေအတွက်တွင် ရွေးကောက်ခံ ကိုယ်စားလှယ် ၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးမှာ တိုင်းအစိုးရအဖွဲ့ဝင်များ ဖြစ်သည်။

လက်ရှိလွှတ်တော်သက်တမ်း ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးသည့်အချိန်အထိ ကတိကဝတ်သက်ရောက်သည့် မေးခွန်းနှင့် အဆို စုစုပေါင်း ၂၂၈ ခုရှိကြောင်း တိုင်းလွှတ်တော် မှတ်တမ်းအရ သိရသည်။

အဆိုပါ ကတိကဝတ်များအနက် ဆောင်ရွက်ပြီးစီးသည့်ကတိကဝတ် ၁၁၅ ခုရှိပြီး ဆောင်ရွက်ဆဲ ၉၁ ရှိသည်။ ဆောင်ရွက်ရန် ကျန်နေသေး သည့်ကတိကဝတ် ၂၂ ခုရှိနေသည်။

မပြီးပြတ်သေးသည့် အထက်ပါ ကတိကဝတ်များကို ပယ်ဖျက်မည်မဟုတ်ဘဲ လက်ရှိအစိုးရသက်တမ်းအတွင်း ဆောင်ရွက်မပြီးစီးပါက နောက်အစိုးရလက်ထက်တွင် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးကြည်စိုးက ဆိုသည်။

တိုင်းဒေသကြီးလွှတ်တော်၏ လက်ရှိသက်တမ်းအတွင်း ရွေးချယ်ခံကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စား လှယ်များက အဆို ၁၂ ခု ၊ ကြယ်ပွင့်ပြ မေးခွန်း ၃၇၉ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၃၀ ခုကို မေးမြန်းထားကြောင်း လွှတ်တော်မှတ်တမ်းအရ သိရသည်။