NLD တနင်္သာရီ အမတ်လောင်းရွေးချယ်မှု လက်မှတ်အတုဖြင့် တိုင်ကြားဟုဆို

0
508

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ လူတစ်စုက လက်မှတ်အတုများဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ဗဟို)သို့ တိုင်ကြားထားကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

ယင်းတိုင်ကြားစာနှင့် ပတ်သက်ပြီး တနင်္သာရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့က အစည်းအဝေးပြုလုပ်ကာ အချက်ကိုးချက်ပါသည့် သဘောထား‌ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခဲ့ပြီးနောက် အဖွဲ့ချုပ်၏စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့် ရည်ရွယ်ချက်များဖြင့် ပါတီဝင်အချင်းချင်းတို့ကြားတွင် မသမာသည့်နည်းလမ်းများကို လူတစ်စုက လုပ်ဆောင်နေကြပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးလည်း ပါဝင်ကြောင်း ပါရှိသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

ထိုသူများသည်ပါတီဝင်များ၏ သဘောထားပါဝင်ခြင်းမရှိဘဲ လိမ်လည်၍ လက်မှတ်အတုထိုးထားခြင်း၊ NLDပါတီ (ဗဟို) သို့ တိုင်ကြားထားသည့် အကြောင်းအရာအား ပြောကြားခြင်းမရှိဘဲ ကာယကံရှင်များ၏ လက်မှတ်အချို့အား လိမ်လည်ရယူခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်အချို့နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့အား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကာယကံရှင်များထံ ဆက်သွယ်ရန် ကြိုးစားသော်လည်း တယ်လီဖုန်းဆက်သွယ်၍ မရခဲ့ပေ။