ကျွန်းစု ကျားကြီးအော်စခန်းတွင် ပုစွန်မွေးမြူရေး ခွင့်ပြုချက်ပေး

0
826

ဒီရေတောများ အပြောင်ရှင်းခံနေရသည်ဟု လွှတ်တော်တွင် မေးခွန်းထုတ်ခြင်းခံခဲ့ရဖူးသော ကျွန်းစုမြို့နယ်တွင် အမေရိကန်‌ဒေါ်လာ ၁၁၅ သန်း ရင်းနှီးပြီး ပုစွန်မွေးမြူ၊ အေးခဲတင်ပို့ ရောင်းချမည့် လုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ကြောင်း ဇူလိုင်လ ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်။

ကျားကြီးအော်ကျွန်းပေါ်ရှိ မြေဧက ၅၂၇ ဒဿမ ၉၂ ဧကတွင် စင်ကာပူနိုင်ငံက ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံဘက်မှ ပြည့်ဖြိုးထွန်းကုမ္ပဏီတို့က ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

ဒေသခံများအလုပ်အကိုင်အခွင့် အလမ်းများရနိုင်ခြင်း၊ လွှတ်တော်တွင် မေးခွန်းထုတ်ခံနေရသကဲ့သို့ ဒီရေတော အပြောင်ရှင်းမှု မရှိခြင်း၊ အနည်းအကျဉ်းခုတ်ထားသည့် ဒီရေတော အပင်များကို အစားထိုး စိုက်ပျိုးထားခြင်း၊ နိုင်ငံတော်အတွက် အခွန်များရရှိစေခြင်း စသည်တို့ကြောင့် ခွင့်ပြုခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ပြောသည်။

“ပတ်ဝန်းကျင်ဒေသခံက ကန့်ကွက်တဲ့ စီမံကိန်းဆိုရင်တော့ အစိုးရကခွင့်မပြုတာ အကောင်းဆုံးပဲ။ အဲလိုရှိလား ဆိုတော့လည်း ဒေသခံတွေက လိုလို လားလား ရှိတယ်။ သူတို့ အလုပ်အကိုင် အခွင့်အလမ်းရလို့” ဟု ၎င်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) အင်တာနက်စာမျက်နှာ ကုမ္ပဏီစာရင်းတွင် ပြည့်ဖြိုးထွန်း စွမ်းအင်ကုမ္ပဏီလီမီတက်နှင့် ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီ လီမီတက်ဟု နှစ်ခုတွေ့ရပြီး ကုမ္ပဏီနှစ်ခုစလုံး၏ ဒါရိုက်တာနေရာတွင် ဦးလှသန်း (Hla Than)ဟု ဖော်ပြထားသည်။

ကျွန်းစုမြို့နယ်တွင် ကုမ္ပဏီနှစ်ခုက ဧကထောင်နှင့်ချီသော ဒီရေတောများကို အပြောင်ရှင်းနေကြောင်း ၂၀၁၉ ခုနှစ် မတ်လတွင် အမျိုးသားလွှတ်တော်တွင် မေးခွန်ထုတ်ခဲ့ဖူးသည်။

ယင်းနောက် တစ်လအကြာ ဧပြီလတွင် ထိုအပြောင် ရှင်းဒီရေတောများကို အရေးယူရန် အစီအစဉ်ရှိ/ မရှိ ကျွန်းစုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က တနင်္သာရီတိုင်းလွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။

ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု မစန်းပါးကျေးရွာတွင် ခိုင်ဇင်ယော် ကုမ္ပဏီက လည်းကောင်း၊ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအနီးနှင့် မိန်းကြီးကျွန်း၊ ရေချိုချောင်းရွာအနီးတို့တွင် ပြည်ဖြိုးထွန်းကုမ္ပဏီကလည်းကောင်း ဒီရေတောများကို အပြောင်ရှင်းနေ ကြောင်း အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောဆိုခဲ့ဖူးသည်။

ဖော်ပြပါ ကုမ္ပဏီတာဝန်ရှိသူတို့ကမူ ဒီရေတောအပြောင်ရှင်းနေသည်ဆိုမှာ မဟုတ်မှန်ကြောင်း ပြန်လည်ငြင်းဆို ထားကြသည်။

ဇူလိုင်လ ၁၀ ရက်က မြန်မာနိုင်ငံ ရင်းနှီမြှုပ်နှံမှုကော်မရှင်ထုတ်ပြန်ထားချက်အရ ကျားကြီးအော်ကျွန်းတွင် ပုစွန်မွေးမြူ၊ အေးခဲတင်ပို့လုပ်ငန်းအတွက် ဒေသခံတစ်ထောင်ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု ဖော်ပြထားသည်။

ကျွန်းစုမြို့နယ်အတွင်း ဒီရေတော ဧကထောင်ချီခုတ်ပြီး ပုစွန်မွေးမြူရေးလုပ်ငန်းကြောင့် ကဏန်းဖမ်းအသက်မွေးနေသည့် အောက်ခြေပြည်သူများ စားဝတ်နေရေးထိခိုက်မှုရှိနေကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ဇူလိုင်လ ၁၀ ရက်က ရေးသားထားသည်။

ဒီရေတောပြုန်းတီးမှုကြောင့် စားဝတ်နေရေး ထိခိုက်နေသူများစာရင်းကို ကောက်ယူပြီး သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတော်အကြီးအကဲထံ တင်ပြသွားမည်ဟုလည်း ရေးသားထားသည်။

ဦးဇော်ဟိန်းထံ တနင်္သာရီအပတ်စဉ်က ဇူလိုင်လ ၁၇၊ ၁၈ ရက်တို့က ဆက်သွယ်မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

ကျားကြီးအော်စခန်းတွင် အမေရိကန်ဒေါ်လာ သန်းတစ်ရာကျော်ဖြင့် ရင်းနှီးမြှုပ်နှံပြီး ပုစွန်မွေးမြူရေး၊ အအေးခဲတင်ပို့ခြင်း လုပ်ငန်းကို အစိုးရအနေဖြင့်လည်း ကန့်ကွက်ရန်မရှိဟု စာထုတ်ထားကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး