ကျူစခန်းအချို့ အကူအညီ လိုအပ်နေ

0
409

ကျူစခန်းအချို့ စေတနာ့ဝန်ထမ်းအပါအဝင် လက်ဆေးရည်၊ သောက်သုံးရေ စသည်တို့ ဝယ်ယူရန်နှင့် လျှပ်စစ်မီတာခ ကုန်ကျစရိတ်များအတွက် အကူအညီ လိုအပ်နေကြောင်း ထားဝယ်ခရိုင်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်း (ကျူစခန်း) အချို့ထံမှ သိရသည်။

ကျူစခန်းဖွင့်ထားသည့်အချိန် ကြာလာသည်နှင့်အမျှ အလှူရှင်များမှာလည်း မရှိသလောက် နည်းပါးလာပြီး တစ်လလျှင် တစ်ဦး၊ နှစ်ဦးခန့်သာ လာရောက်လှူဒါန်းကြတော့ကြောင်း ထားဝယ်ခရိုင် ရေဖြူနှင့် လောင်းလုံးမြို့တို့ရှိ ကျူစခန်းတာဝန်ခံတို့က ပြောသည်။

လူဦးရေ တစ်ရာဝန်းကျင်ရှိ ကျူစခန်းတစ်ခုတွင် သောက်သုံးရေ တစ်ခုတည်းအတွက်ပင် တစ်နေ့ကုန်ကျငွေ ကျပ်ငါးသောင်းခန့်ရှိကြောင်း ရေဖြူ မြို့ (ခ) ရပ်ကွက်ရှိ မီးသတ်ဝန်ထမ်း အိမ်ရာတွင် ဖွင့်လှစ်ထားသည့် ကျူစခန်းတာဝန်ခံ ဦးကျော်မိုးက ပြောသည်။

ကျူဝင်နေသည့် ကိုယ်ဝန်ဆောင်၊ ကလေးနှင့် သက်ကြီးရွယ်အိုများကို ထောက်ပံ့ကြေးပေး

“အခုချိန်မှာတော့ အလှူရှင်တွေ လိုအပ်နေပါတယ်။ လှူမယ့်သူတွေကိုလည်း ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ဦးကျော်မိုးက ပြောသည်။

လောင်းလုံးနှင့် ရေဖြူရှိ ကျူစခန်းတွင် အသွားအလာကန့်သတ်ထားသူများသည် ကိုယ့်စရိတ်ဖြင့် အသုံးပြုနေကြ ရသည်။

“ကျွန်မတို့ကျမှ ကိုယ့်စရိတ်နဲ့ကိုယ် လာဖြစ်နေတဲ့ အချက်ကတော့ စိတ်ဖြစ်မိတယ်။ သူများတွေဆို ကွာရန်တင်း(ကျူ)စခန်းက ကျွေးတယ်လို့ သိထားရတော့လေ” ဟု လောင်းလုံးမြို့ မိုးကုတ်ဝိပဿနာ တရားစခန်းတွင် ကျူစခန်းဝင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထားဝယ်မှာကဲ့သို့ အစားအသောက် ကျွေးမွေးမည်ဆိုက ကွာရင်တင်းစခန်း ဖျက်ရနိုင်သည်ဟု ကွာရန်တင်းစခန်း တာဝန်ရှိသူအချို့က ပြောသည်။

မြန်မာနိုင်ငံ ကိုဗစ် ကပ်ဘေး အခြေအနေ

တိုင်းအစိုးရ၏ ဇူလိုင်လ ၁၇ ရက် ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းတွင် လူထုအခြေပြု အသွားအလာကန့်သတ် စခန်း(ကျူစခန်း)ပေါင်း ၃၉၂ ခုရှိပြီး ကျူဝင်နေသူ ၁၅၅၁ ဦးရှိကြောင်း သိရသည်။

ကျော်သူစိုး