မောတောင်နယ်စပ်ဂိတ်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ ၂၀ ဦးကျော် ဖမ်းမိ

0
369

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာအလုပ်သမား ၂၀ ဦးကျော်အား ဇူလိုင်လ ၁၁ ရက်က ဖမ်းမိခဲ့ကြောင်း မြိတ်-ပရာကျွပ် ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

မောတောင်နယ်စပ်ဂိတ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင် ခလောင် ဝမ်တိုက်နယ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့သည် သတင်းအရ နယ်မြေလုံခြုံရေး ကင်းလှည့်စစ်ဆေးနေစဉ် နယ်စပ်ရှိ သွပ်ဆူးကြိုးလိုင်းများကို ဖြတ်ကျော်ပြီး ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၆ ဦးကို စင်ခွန်နယ်စပ်ဂိတ်အနီးရှိ တောလမ်းတစ်နေရာတွင် ဇူလိုင်လ ၁၁ ရက် နံနက် တစ်နာရီခွဲအချိန်ခန့်က ဖမ်းမိခဲ့ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

ထို့အပြင် ယင်းနေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်တွင်လည်း ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး မြန်မာနိုင်ငံသား ဆယ့်ခြောက်ဦး တင်ဆောင်လာသည့် ကားတစ်စီး ထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ရှေ့ခန်းတွင် ထိုင်းနိုင်ငံသူတစ်ဦး ပါလာကြောင်း သိရသည်။

အမျိုးသမီး၏ ပြောဆိုချက်အရ အလုပ်သမားများကို စူရတ်ဌာနီခရိုင်ရှိ အလုပ်ရှင်တစ်ဦးထံသို့ သွားရောက်ပို့ဆောင်ပေးရန်ဖြစ်ပြီး ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ဘတ်ရှစ်ထောင်ငါးရာနှုန်း ရရှိကြောင်း ဝန်ခံခဲ့ကြောင်း ဦးအောင်ကြည်မြင့်က ပြောပြသည်။

အဆိုပါ ဖမ်းဆီးရမိသူတို့အား ခလောင်ဝမ်တိုက်နယ်ရဲစခန်းသို့ လွှဲအပ်ခဲ့ပြီး ဥပဒေအကြောင်းအရ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)