ကော့သောင်းတွင် သေနတ် နှစ်လက်နှင့် မူးယစ်ဆေးများ ဖမ်းမိ

0
316

ကော့သောင်းတွင် မူးယစ်အမှုနှစ်ခုကို ဖမ်းဆီးရာမှ သေနတ် နှစ်လက်နှင့် မူးယစ်ဆေးများ ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆယ်မိုင်ကျေးရွာအုပ်စုရှိ အမျိုးသားတစ်ဦး၏ နေအိမ်ကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေရာ အဆိုပါအမျိုးသားက နေအိမ်မှ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါနေအိမ်တွင် ထွက်ပြေးသွားသည့် အမျိုးသား၏ ဇနီးဖြစ်သူအပါအဝင် အခြားသူ သုံးဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါနေအိမ်ကို ရှာဖွေရာ ခြောက် လုံးပြူးသေနတ်တစ်လက်၊ သေနတ် ကျည်ဆံ ၆ တောင့်နှင့် WY စိတ်ကြွ ဆေး ၈၀၈ ပြားကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းမိသူ ၃ ဦး နှင့် တိမ်းရှောင်နေသည့် အမျိုးသားကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့အတူ ဇူလိုင်လ ၅ ရက်နေ့ကလည်း ကော့သောင်းခရိုင်အတွင်းရှိ ရေတွင်းတောင်ကျေးရွာနှင့် ခမောက်ငယ်ကျေးရွာကြားရှိ ကမ်းစပ်တွင် ရပ်ထားသည့် စက်လှေတစ်စီးကို တွေ့ရ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုစက်လှေပေါ်တွင် ကော့သောင်း မြို့နေ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးကိုတွေ့ရ ပြီး စစ်ဆေးရာ ၎င်းင်း၏ ခါးကြားတွင် ထိုးထားသည့် ဆေးလိပ်ဘူးခွံအတွင်းမှ ICE ဆေးပြားအနည်းငယ်နှင့် WY စိတ်ကြွဆေး ၂ ပြား တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးတွေ့ရှိမှုနှင့်ပတ်သက်၍ အဆိုပါ အမျိုးသားကို စစ်မေးရာ ဆိပ်ဖူးကျေးရွာနေ အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသားထံမှ ဝယ်ယူခဲ့သည်ဟု သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထိုနောက် ဆိပ်ဖူးကျေးရွာနေ အမျိုးသား၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ယင်းအမျိုးသားနှင့်အတူ အမျိုးသမီးတစ်ဦးကို တွေ့ရပြီး နေအိမ်အခန်း၀ရှိ ကြမ်းပြင်ပေါ်တွင် ပလပ်စတစ်အိတ် ဖြင့် ထည့်ထားသည့် ICE ၂၅ ဂရမ်နှင့် လက်လုပ်ပွိုင့်-၂၂ အမျိုးအစား သေနတ်တစ်လက်နှင့် ၎င်းင်းကျည်ဆံ နှစ်တောင့်ကို တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မများဖြင့် မာရမ်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။