တနင်္သာရီတိုင်းဒေသကြီးက လက်ရှိပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးစရာ ပစ္စည်းတွေများ ထင်နေလားတော့ မသိဘူး

0
748
ပဲ့စင်ကျွန်း

တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများက ပြည်ထောင်စုအစိုးရ၏ လက်ဆောင်ပေးစရာပစ္စည်းဖြစ်နေပြီလားဟု ထားဝယ် တိုင်းရင်းသားများပါတီ ဒုတိယဥက္ကဋ္ဌက မေးခွန်းထုတ်လိုက်သည်။

ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်လက်ထက်က ကော့သောင်းခရိုင်အတွင်းရှိ စောင်းကောက်ကျွန်းကို ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်စဉ်က ကူညီခဲ့ဖူးသည့် မိသားစုတစ်စုကို ခွင့်ပြုပေးခဲ့သည်ဟု ဒေါက်တာလဲ့လဲ့မော် ကိုယ်တိုင် ပြောဆိုထားသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံခဲ့ဖူးသည်။

ယခုကျွန်း လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသည့် Excellent Fortune Development Group ကုမ္ပဏီမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အလှူငွေ သိန်းရာချီမှ ထောင်ချီအထိ လှူဒါန်းခဲ့ဖူးသည်။

“တနင်္သာရီတိုင်းဒေသကြီးက လက်ရှိ ပြည်ထောင်စုအစိုးရအဆင့်ရဲ့ လက်ဆောင်ပေးရာ ပစ္စည်းတွေများ ထင်နေလားတော့ မသိဘူး” ဟု ဦးမောင်မောင်အေးက ဆိုသည်။

လက်ရှိအချိန်တွင်လည်း ထားဝယ်ခရိုင်ရှိ ပဲ့စင်ကျွန်းကို ထိုကုမ္ပဏီက မြေလွတ်မြေလပ်လုပ်ပိုင်ခွင့်လျှောက်ထားမှုအပေါ် တိုင်းအစိုးရက မြေလွတ် မြေလပ်ဗဟိုကော်မတီထံ သဘောထား မှတ်ချက်ပေးထားသည်။

ထိုသဘောထားမှတ်ချက်က တိုင်း အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ဖြစ်သည့်အတွက် ထုတ်ပြန်၍ မရကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောဆိုထားသည်။

“အထူးလျှို့ဝှက်ဆိုတော့ လက်ဆောင်များ ပေးလိုက်မလားပေါ့လေ။ အဲဒါလေးကိုလည်း ကျွန်တော်တို့ ဒေသခံ တွေ စိုးရိမ်ပါတယ်” ဟု ဦးမောင်မောင်အေးက ပြောသည်။

ရန်ကုန်မြို့အခြေစိုက် Excellent Fortune Development Group ကုမ္ပဏီ ဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေ ၅ ခုကို မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်လျှောက် ထားခဲ့သည်။

၎င်းင်းတို့နှစ်ဦးအမည်ဖြင့် တောကျဲကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်း ကျေးရွာအုပ်စုရှိ (ဒေသအခေါ် ကျောက် တောင်ကြီး) တွင် ၁၃၈ ဧက၊ စမ်းလှမ်း ကျေးရွာရှိ စမ်းလှမ်းကျွန်းပေါ် ၈ ဧကနီးပါး၊ ပညစ်ကျေးရွာအုပ်စုရှိ ပညစ်ကျွန်းပေါ် ၁၂ ဧကနီးပါးနှင့် ကျောက်တွင်းကျေးရွာအုပ်စု(ဒေသအခေါ် အလယ်သဲအော်) ၃၇၀ ဧကတို့ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အောက်ကျောက်ဝပ် ကျေးရွာအုပ်စု ဝမော်ကျွန်းပေါ်တွင် ၂ ဧက နှင့် ပညစ်ကျေးရွာရှိ ချမ်းသာကျွန်းရှိ မြေလွတ် မြေလပ် ၂ ဧကခွဲကိုလည်း လျှောက်ထားရန် ပြင်ဆင်နေသည်ဟု သိရကြောင်း မြေစာရင်းဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုကလည်း ပဲ့စင်ကျွန်း အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်လက်ဝယ်သို့ အလွယ်တကူ လုပ်ပိုင်ခွင့်မပေးရန် တောင်းဆိုထားသည်။