တိုင်းအတွင်း သစ်တောသယံဇာတ စာရင်းကောက်ယူ

0
322

သစ်တောသယံဇာတ အရင်းအမြစ်များ၏ ပကတိအခြေနေမှန်ကို သိရှိကာ လိုအပ်သည့် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် တိုင်းအတွင်းရှိ သစ်တောသယံဇာတ စာရင်းကို ကောက်ယူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။

သစ်တောပြုန်းတီးမှုနှင့် သစ်တော အတန်းအစားကျဆင်းမှုကြောင့် လေထုအတွင်း ကာဗွန်ထုတ်လုပ်မှုလျော့ချရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂ အစီအစဉ်ဖြင့် ဖင်လန်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှု၊ UNREDD Project၊ FAO ၏ နည်းပညာအကူအညီဖြင့် သစ်တောဦးစီးဌာနတို့ ပူပေါင်းကာ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြား ရေးမှူး ဦးမြင့်သိန်းထွန်းက ပြောသည်။

“သူတို့ ကျွန်တော်တို့နဲ့ လာပြီးပူးပေါင်း ပြီးလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ထာဝစဉ်တည်တံ့ခိုင်မြဲသော သစ်တော စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းကို အထောက်အပံ့ဖြစ်ဖို့ လုပ်ကြတာပေါ့” ဟု ဦးမြင့်သိန်းထွန်းက ဆိုသည်။

သစ်တောစာရင်းကောက်ယူရာတွင် စံနမူနာကွက်များရေးဆွဲ၍ သစ်တော နယ်မြေအတွင်းရှိ သစ်ပင်များ၊ ဝါးများ၊ ဒီရေတောများကို သစ်ပင်အမျိုးအစား အတန်းအစားအလိုက် အကွာအဝေးနှင့် လုံးပတ်အနေအထားမျာကို သတ်မှတ်စံနှုန်းအတိုင်း စာရင်းကောက်ယူသည့်အဖွဲ့မှ ကွင်းဆင်းကောက်ယူသည်ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။

သစ်တောသယံဇာတစာရင်းကို ယခုနှစ် ပွင့်လင်းရာသီတွင် ကောက်ယူခဲ့သော်လည်း စံနမူနာကွက် ကျရောက် သည့် နယ်စပ်ဒေသအချို့၌ နယ်မြေလုံခြုံရေးအရ စာရင်းကောက်ယူ၍ မရသည့် နေရာများရှိကြောင်း အထက်ပါဌာနမှ သိရသည်။

သို့သော် ယင်းနေရာများတွင် မဖြစ်မနေ ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သစ်တောသယံဇာတစာရင်းကောက် ယူခြင်းမှာ မဖြစ်မနေပြုလုပ်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သစ်တော ဥပဒေစိုးမိုးမှု၊ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုဆိုင်ရာ အစီအစဉ် (FLEGT) မှ အမျိုးသားအဆင့်ကိုယ်စားလှယ် ဦးဇော်သူရက ပြောသည်။

“သစ်တောလုပ်ငန်းမှာ Inventory ဆိုတာက မဖြစ်မနေလုပ်ရမယ့်ကိစ္စပဲ ပေါ့နော်။ စနစ်တကျလေးနဲ့ အားလုံး ပူးပေါင်းပြီး လုပ်လို့ရှိရင် ဒေသအတွက် တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အရာပါ၊ ပွင့်ပွင့်လင်းလင်းလုပ်စေချင်တယ်ပေါ့နော်” ဟု ဦးဇော်သူရက ဆိုသည်။

သစ်တောသယံဇာတစာရင်း ကောက်ယူရာတွင် ဒေသခံပြည်သူများ၊ ဒေသတွင်းရှိ သစ်တောနှင့် ပက်သက်ပြီး လုပ်ဆောင်နေသည့် CSO အဖွဲ့အစည်း များ၊ နယ်စပ်ဒေသရှိ KNU အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ စနစ်တကျ ကောက်ယူသင့်သည်ဟု ၎င်းက ပြောသည်။

“တကယ်တော့ ဒီရေတောတွေကလွဲပြီးတော့ တကယ့်တောင်ပေါ်တောတွေ အကောင်းဆုံးကျန်နေတာက တနင်္သာရီ ရိုးမကြီးထဲမှာဘဲ ကျန်တဲ့အတွက် ဒါတွေကို စနစ်တကျ လုပ်စေချင်တာပေါ့။ ခက်တာက သူတို့က ဘယ်နေရာတွေမှာ နမူနာအကွက်တွေယူပြီး ဘယ်လိုကောက် သွားလဲဆိုတာ ကိုယ်တွေက အတိအကျမသိတော့ မကြေညာတော့ အကြံပေးလို့ မရဘူးပေါ့”ဟု ဦးဇော်သူရက ပြောသည်။

မိုးမြင့်