တိုင်းအတွင်း NLD ပါတီ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ တစ်ရာ့ခုနစ်ဆယ်နီးပါးရှိ၊ အမျိုးသမီး ၂၅ ရာခိုင်နှုန်းပါဝင်

0
454

တနင်္သာရီတိုင်း NLD ပါတီတွင် ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၁၆၉ ဦး ရှိကြောင်း တိုင်းသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်မြရတနာထက်ထံမှ သိရသည်။

အမျိုးသားလွှတ်တော်အတွက် ၄၀ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၃၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ အတွက် ၄၀ ဦး၊ အမှတ် ၂ အတွက် ၄၈ ဦး၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ် နေရာအတွက် ၂ ဦး၊ သင့်လျော်ရာ မဲဆန္ဒနယ်ဟုဆိုရာ လျှောက်ထားသူ ၅ ဦး ရှိကြောင်း ဒေါ်မြရတနာထက်က ပြောသည်။

ယင်း ၁၆၉ ဦးအနက် ၄၂ ဦးမှာ အမျိုးသမီးများဖြစ်ပြီး ကရင်တိုင်းရင်သား ရေးရာကိုယ်စားလှယ်လောင်း လျှောက်ထားသူနှစ်ဦးမှာ ထားဝယ်နှင့် တနင်္သာရီ မြို့နယ်တို့မှ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ မြို့နယ်မှ ဦးစားပေး (၁)၊ ဦးစားပေး(၂) ဟု ထပ်မံရွေးချယ် ထားသူနှစ်ဦး အမည်စာရင်းနှင့် လျှောက်လွှာအားလုံးကို ဗဟိုရုံးချုပ်ကို ပေးပို့ပြီး အတည်ပြုကိုယ်စာလှယ်လောင်းကိုလည်း ဗဟိုမှပင် ရွေးချယ်ကြောင်း တိုင်း NLD ဒုတိယဥက္ကဋ္ဌ ဦးကင်းရှိန်က ပြောသည်။

“နောက်လဆိုရင် ကော်မရှင်တင်ရမှာဆိုတော့ မှန်းခြေကတော့ ဒီလကုန် လောက်ဆိုရင် အတည်ပြုကိုယ်စားလှယ် လောင်းထွက်မလား မပြောတတ်သေးဘူး” ဟု ဦးကင်းရှိန်က ဆိုသည်။

လက်ရှိ တိုင်းအစိုးရအဖွဲ့တွင် ပါဝင် နေသူအချို့နှင့် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်အချို့သည် ထပ်မံလျှောက်ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းအတွက် ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် တစ်ဦး စုစုပေါင်း လွှတ်တော်အမတ် ၄၃ ဦး ရှိရမည် ဖြစ်သည်။

ကျော်သူစိုး