ဇဟာတောင်သူများကို မျိုးစပါး တင်း ၂၀ဝ ထောက်ပံ့

0
424

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် ဆင်းသုခမျိုးစပါးစိုက်မည့်တောင်သူများကို မြန်မာနိုင်ငံဆန်ကုန်သည် အသင်း ဥက္ကဋ္ဌ၊ ဦးအောင်သန်းဦးက မျိုးစပါး တင်း ၂၀ဝ ထောက်ပံ့ပေးခဲ့ကြောင်း ဇဟာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ပြောသည်။

လယ်ယာကဏ္ဍဖွံဖြိုးရေးအတွက် စပါးတစ်တင်း အခြေခံဈေး ကျပ် ၅၀ဝ၀ နှုန်းဖြင့်ဝယ်ယူရန် ညှိနှိုင်းဆွေးနွေးသည့်ကိစ္စဖြင့် ထားဝယ်သို့လာရောက်စဉ် ဇဟာကျေးရွာတောင်သူများနှင့် တွေ့ဆုံ ခဲ့ပြီး ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးလွင်မိုးက ပြောသည်။

“ဆင်းသုခလုပ်ဖို့ လယ်သမားတွေကို ထောက်ပံ့ပေးတာ။ တစ်ကွင်းတစ်ဆက်တည်း စိုက်နိုင်အောင်ပေါ့” ဟု ဦးလွင်မိုးက ပြောသည်။

မျိုးစပါးတင်း ၂၀ဝ ကို လယ်တစ်ဧက လျှင် ၂ တင်းနှုန်းဖြင့် ၁၀ ဧကအထိ ထောက်ပံ့ပေးပြီး တောင်သူ ၂၅ ဦးခန့် ရရှိသည်ဟု ဦးလွင်မိုးက ပြောသည်။

အထွက်နှုန်းကောင်းပြီး ဈေးကောင်းရပါက လာမည့်နှစ်တွင် အဆိုပါ စပါးမျိုးကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုနှစ်တွင် လယ် ၂၅ ဧကကို တောင်သူ ၆ ဦးမှ တစ်ကွင်းတစ်ဆက်တည်းပုံစံဖြင့် မျိုးစပါးသီးသန့်ပြန်ထုတ်သွားမည်ဖြစ်ကြောင်း ဦးလွင်မိုးက ပြောသည်။

ဆင်းသုခမျိုးစပါးသည် ကောက်လတ်မျိုးဖြစ်ပြီး မျိုးစပါးတစ်တင်းလျှင် ကျပ် ၈၀ဝ၀ မှ ၉၀ဝ၀ ခန့်ရှိကြောင်း သိရသည်။

ဦးအောင်သန်းဦးက မြန်မာနိုင်ငံဆန်ကုန်သည်အသင်းအနေဖြင့် ထောက်ပံ့ခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး(Personal)အရ လယ်သမားများနှင့် တွေ့ဆုံစဉ် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြောသည်။

မျိုးစပါးများမှာ ဇွန်လ ပထမအပတ်က ရောက်ရှိနေပြီဖြစ်ကြောင်း ဦးနိုင်လွင်လတ်က ပြောသည်။

မိုးမြင့်