ကိုဗစ်ကုစားရေးအတွက် ကျေးရွာ မတည်ရန်ပုံငွေ ထုတ်ချေးမည်

0
575

ကိုဗစ်-၁၉ကြောင့် ထိခိုက်မှုရှိသည့် ကျေးရွာများကို စီးပွားရေးကုစားမှုအနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းမှ ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးဦးစီးဌာနထံမှ သိရသည်။

လိုအပ်သည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ရရှိရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်နှင့် မိသားစုဝင်ငွေတိုးရန် ရည်ရွယ်၍ အရင်းမပျောက် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို ပြုလုပ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူးက ပြောသည်။

အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများ၊ အစုအဖွဲ့ဖြင့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး ဆောင်ရွက်လိုသော အိမ်ထောင်စုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အလုပ်သမား အိမ်ထောင်စုများ၊ ရေလုပ်ငန်း၊ ကျေးရွာ ကုန်ထုတ်လုပ်ငန်း၊ အသေးစားရောင်းဝယ်ရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ် ငန်းများကို ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။

အိမ်ခြေ ၅၀ ခန့်ရှိသည့် ကျေးရွာကို ကျပ်သိန်း ၁၀ဝ၊ အိမ်ခြေ ၅၀ မှ ၁၀ဝ ခန့်ရှိသည့် ကျေးရွာကို ကျပ်သိန်း ၂၀ဝ၊ အိမ်ခြေ ၁၀ဝ အထက်ရှိသည့် ကျေးရွာကို ကျပ်သိန်း ၃၀ဝ ထုတ်ချေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ချေးငွေရယူလိုသည့် အိမ်ထောင်စုများက ဆောင်ရွက်လိုသည့်လုပ်ငန်းနှင့် လိုအပ်သည့် ချေးငွေပဏာမကို အဆိုပြု တင်ပြရမည် ဖြစ်သည်။

ချေးငွေရယူပြီး ပထမနှစ်အတွက် ငွေ ၁၀ဝ လျှင် အတိုး ပြား ၅၀ နှုန်း၊ ဒုတိယနှစ်အတွက် အတိုး ပြား ၅၀ မှ တစ်ကျပ်ခွဲနှုန်းဖြင့် ၃ လတစ်ကြိမ် အတိုးပေးရမည်ဖြစ်ပြီး ၁၀ နှစ်အကြာတွင် အရင်းပြန်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းအတွက် တိုင်းအတွင်းရှိ ကျေးရွာ ၄၀ ခန့်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ရွေးချယ်ထားကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းကျေးရွာများ၊ Cash for Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများ၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ကျေးရွာများ၊ နယ်မြေလုံခြုံမှု မရှိသည့်ကျေးရွာများနှင့် ပဋိပက္ခဖြစ်ပွား လျက်ရှိသောကျေးရွာများ၊ ဝေးလံခေါင်ပါး၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာများ မပါဝင်ကြောင်း တိုင်းဦးစီးမှူးက ပြောသည်။

မိုးမြင့်