အဏ္ဏဝါ ထိန်းသိမ်းကာကွယ်ရေးဧရိယာများ၏ ကောင်းကျိုးများ

0
967

အဏ္ဏဝါ ထိန်းသိမ်းကာကွယ်ရေးဧရိယာဆိုသည်မှာ ယေဘုယျအားဖြင့် ရေနေသတ္တဝါမျိုးစိတ်များ၊ ပင်လယ်သမုဒ္ဒရာရေပြင်နှင့် ဆက်စပ်တည်ရှိနေသော အပင်များနှင့် ဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် နေရာဧရိယာ တစ်ခုသတ်မှတ်ကာ စနစ်တကျ ထိန်းသိမ်းကာကွယ်ထားသော နေရာဖြစ်သည်။ အထူးသဖြင့် ပင်လယ်ကမ်းစပ် နေရာများ၊ ရေနေသတ္တဝါများ ကျက်စားလေ့ရှိသော ပင်လယ်ပြင်တစ်နေရာရာ သို့မဟုတ် ကျွန်းကဲ့သို့သော နေရာများလည်းဖြစ် နိုင်သည်။ ပင်လယ်သမုဒ္ဒရာရေပြင်နှင့် ကုန်းမြေထိစပ်နေသည့် နေရာများရှိသော နိုင်ငံများတွင် ထိုသို့သော အဏ္ဏဝါထိန်း သိမ်းကာကွယ်ရေးဧရိယာများ ရှိတတ်သည်။

ရေနေသတ္တ အထွေထွေတို့ကို ထိန်းသိမ်းကာကွယ်ရန်နှင့် ရေနေဇီဝမျိုးစိတ် မျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဧရိယာများ၏ အဓိကကျသော ရည်ရွယ်ချက်ဖြစ် ပေသည်။ ငါးဖမ်းလုပ်ငန်းများနှင့် အခြားသော အကြောင်းရင်းအမျိုးမျိုးကြောင့် ငါးနှင့် အခြားသော ရေသယံဇာတများ တဖြည်းဖြည်း ဆုံးရှုံးလာနေခြင်းကို ကာကွယ်ရန်မှာ အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေး ဧရိယာများမှ ဂေဟစနစ်၊ လူမှုရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်ပေသည်။ ထိုသို့အသီးသီးသော အကျိုးအမြတ်ရရှိနိုင်မှုဆိုသည်မှာလည်း ထိုထိန်းသိမ်းရေးထားရှိသော ဧရိယာများ၏ အသွင်ပြင်၊ တည်နေရာ၊ ထိန်းသိမ်းမှုပုံစံစနစ်နှင့် စီမံခန့်ခွဲမှု အခြေအနေအပေါ် မူတည်ပေသည်။

အောက်ပါအချက်များမှာ အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဧရိယာများရှိခြင်းဖြင့် ရရှိလာနိုင်သော ကောင်းကျိုးများဖြစ်သည်။

ဇီဝမျိုးစိတ်များ ကြွယ်ဝစုံလင်မှုကို အကာအကွယ်ပေးခြင်းနှင့် ထုတ်လုပ်မှုကို တိုးစေခြင်း
အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေး ဧရိယာများကို သုတေသနပြုလုပ်ထားသော နိုင်ငံတကာမှ စာတမ်းများ အဆိုရ ထိုထိန်းသိမ်းရေးဧရိယာများတွင် ငါးဖမ်းခြင်းကို တားမြစ်လိုက်ခြင်းကြောင့် ပျက်စီးနေသော ရေအောက် ဂေဟစနစ်များပြန် လည်ကောင်းမွန်လာသည်ဟုဆိုသည်။ ဥပမာ အချို့သော ရှာပါးငါးမျိုးစိတ်များ အချိန်တိုအတွင်း တိုးပွားလာခြင်းမျိုး ဖြစ်သည်။

ယခင်က ငါးဖမ်းဆီးမှုများကြောင့် အလွန်အမင်းဖမ်းဆီးခံရသောကြောင့် ရှားပါးသွားသော ငါးမျိုးစိတ်များ ပြန်လည်တိုးပွားလာခြင်းက အခြားသောရေနေသတ္တတို့၏ အစာကွန်ရက်ကိုလည်း တိုးတက်စေသည်။ ဥပမာ ငါးကလေးများကို စားတတ်သော ငါးကြီးများအတွက် ငါးငယ်လေးများ ရှားပါးသွားလျှင် အစာအတွက် အခက်တွေ့သွားနိုင်သည်။ တစ်နည်းပြန်စဉ်းစားလျှင် ငါးငယ်လေး များတိုးတက်လာခြင်းကြောင့် ငါးကြီးများအတွက် အစာပေါလာနိုင်ပြီး ငါးကြီးများ၏ အကောင်ရေလည်းတိုးလာ နိုင်သည်။ ထိုအပြင် ထိန်းသိမ်းဧရိယာများရှိခြင်းက ငါးဖမ်းလုပ်ငန်းကိုလည်း တစ်နည်းတစ်ဖုံ အကျိုးပြုနိုင်သည်ဟုဆိုပါသည်။ ငါးများသည် ထိန်းသိမ်းဧရိယာအတွင်း ဥကာ အကောင်ရေ တိုးပွားလာနိုင်ပြီး ထိန်းသိမ်းဧရိယာပြင်ပတွင် ကျက်စားခြင်း မျိုးရှိသည်။

လေ့လာမှုတစ်ခု၏ အဆိုအရ ထိန်းသိမ်းဧရိယာများသည် အရွယ်အစားကြီးသော ငါးမျိုးစိတ်များကို ပို၍တိုးပွား စေသည်ဟုဆိုသည်။ ထိုအရွယ်ကြီးသော ငါးများမှာ ငါးငယ်လေးများထက် ဥ နိုင်ချေပိုကာ ထိုဥများမှ အကောင်ပေါက် နိုင်ချေလည်းမြင့်သည်ဟုလည်းဆိုသည်။ ဤနည်းဖြင့် ထိန်းသိမ်းဧရိယာများတွင် တိုးပွားလာသော ငါးများက ထိန်းသိမ်းဧရိယာ အပြင်ဘက်ရှိ ငါးဖမ်းလုပ်ငန်းများကိုလည်း အကျိုးပြုနိုင်သည် ဟုဆိုသည်။

ခုခံနိုင်စွမ်းနှင့်တိုးလာခြင်းနှင့် ဂေဟစနစ် ကို ထိန်းသိမ်းခြင်း
စနစ်ကျနစွာ ထိန်းသိမ်းစောင့် ရှောက်ထားသော အဏ္ဏဝါထိန်းသိမ်းကာ ကွယ်ရေးဒေသများရှိခြင်းက ဘေးအန္တရာယ်များကိုပိုမို၍ ခုခံနိုင်စွမ်းရှိသော ဂေဟစနစ်မျိုးဖြစ်လာရန် တွန်းအားတစ်ခု ဖြစ်ပေသည်။ ဒီတောများပါဝင်သော နေရာများကို ကောင်းစွာ ထိန်းသိမ်းထားခြင်းမှာ ကုန်းမြေကို ပင်လယ်လှိုင်းများဒဏ်မှ အကာအကွယ် ပေးနိုင်သည်။ အဏ္ဏဝါ ထိန်းသိမ်းကာကွယ်ရေးဧရိယာအဖြစ် သတ်မှတ်လိုက်သော နေရာများတွင် အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးခဲ့သော ရေအောက်သန္တာကျောက်တန်း ကျောက်ခက်များနှင့် အပင်များသည်လည်း လျင်မြန်စွာပြန်လည် ကောင်းမွန်လာခြင်း၊ ထိုသို့ပြန်လည်ကောင်းမွန်လာသော နေရာတွင် ရေနေသတ္တဝါများ ပြန်လည်တိုးပွား ကျက်စားလာလေ့ရှိခြင်းတို့ကြောင့် အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေး ဧရိယာများထားရှိခြင်းက ရေနေသတ္တ ဇီဝမျိုးစိတ်ကြွယ်ဝမှုကို တိုးစေနိုင်ပေသည်ဟုလည်း ကောက်ချက်ချနိုင်ပေသည်။

အပန်းဖြေ အနားယူရန် လည်ပတ်ရန် အတွက်နေရာ
အချို့သောနေရာများရှိ ထိန်းသိမ်းဧရိယာများသည် လူအများသွားရောက် လည်ပတ်ရန်၊ အနားယူရန်အတွက် စနစ်တကျခွင့်ပြုထားသည်။ နိုင်ငံအချို့ရှိ ထိန်းသိမ်းဧရိယာဝင် ကျွန်းများသည် လူအများစုကို သွားရောက်လေ့လာရန် ဆွဲဆောင်နိုင်သည်ကိုတွေ့ရသည်။ ပင်လယ်ကမ်းခြေသောင်ပြင်ကျယ်ကျယ်များ၊ လှိုင်းဖြူလွလွများ၊ ဆားနံ့သင်းသော ပင်လယ်လေသန့်များ၊ သန္တာကျောက်ပန်း ကျောက်ခက်များ၊ ရေပြင်ကျယ်ဝယ် လူးလာကူးခတ်နေသော ရောင်စုံ ရွယ်စုံ ငါးများ၊ ဒီရေတောပင်များတို့မှာ မြို့ပြဝန်းကျင်တွင် မွန်းကြပ်နေသော လူမျာအတွက် ကိုယ်စိတ်နှစ်ဖြာ အပန်းဖြေရန် နေရာဖြစ်နိုင်သည်။ ထိုသို့ သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ထိန်းသိမ်းထားကာ အပန်းဖြေနေရာ၊ လည်ပတ်ရန် နေရာအဖြစ် စနစ်တကျလုပ်ကိုင်နိုင်လျှင် တစ်ဖက်တွင် ခရီးသွားလုပ်ငန်းနှင့် စပ်သော လုပ်ငန်းများလည်း ကျွဲကူးရေပါဆိုသလို အလုပ်ဖြစ်နိုင်သည်ကို တွေ့ရသည်။ ဥပမာ၊ ခရီးသည်များ အတွက် ဧည့်ရိပ်သာများ၊ ဟိုတယ်များ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် လှေများ၊ အစားအသောက် ရောင်းချသည့် ဆိုင်များအစရှိသော ဆက်စပ်လုပ်ငန်းများ အလုပ်ဖြစ် ဝင်ငွေရှာနိုင်သည့် အခြေအနေ မျိုးဖြစ်သည်။ ခရီးသွားလည်ပတ်သူ များထံမှ ဝင်ကြေးကဲ့သို့သော အခွန်ကောက်ခြင်းမျိုးမှ တစ်ဆင့်လည်း ထိန်းသိမ်းရေး ဧရိယာများအတွက် လိုအပ်သော ငွေဘဏ္ဍာ များရရှိနိုင်သည်။

ပညာရေးနှင့် အဏ္ဏဝါသိပ္ပံ ပညာရပ် ဆိုင်ရာလေ့လာစရာနေရာ
အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေး ဧရိယာများရှိခြင်းကြောင့် ရေနေသတ္တဝါများ၊ ရေအောက်ဂေဟစနစ်များနှင့် ရေသယံဇာတများအကြောင်းကို လေ့လာမှုများကို အနှောင့်အယှက် နည်းပါးစွာနှင့် လေ့လာနိုင်သည်။ အထူးသဖြင့် ရေနေ သတ္တဝါများအကြောင်းကို လေ့လာ သုတေသနပြုခြင်းများကို ထိုသို့သော နေရာမျိုးတွင် ပြုလုပ်နိုင်သည်။ ငါးဖမ်း လုပ်ငန်းများနှင့်ဝေးသော ငါးမျိုးစိတ် များကိုလေ့လာခြင်း၊ ငါးများ၏ အကောင်အရေအတွက် အတိုးအလျော့များကို လေ့လာခြင်း အစရှိသည့် လေ့လာမှုမျိုးအတွက် ထိန်းသိမ်းဧရိယာများက သင့်တော်သော နေရာမျိုးဖြစ်သည်။

အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေး ဧရိယာများကို စနစ်တကျ ထိန်းသိမ်းထားနိုင်ပါက ရေနေဇီဝမျိုးစိတ်မျိုးကွဲများ၏ ဗီဇမှသည်မျိုးစိတ် အဏ္ဏဝါဂေဟ ဗေဒစနစ်အထိ ထဲထဲဝင်ဝင်လေ့လာနိုင်ကာ အနာဂတ် ရေသယံဇာတ၊ ရေနေ သတ္တဝါများနှင့် အဏ္ဏဝါ ဂေဟဗေဒစနစ်ကိုလည်း ခန့်မှန်းမှုများပြုလုပ်နိုင်ပေမည်။

ယခုအခါတွင် ထိန်းသိမ်းရေးဧရိယာများ၏ ရည်မှန်းချက်များမှာသာ၍ တိုးတက်ပြောင်းလဲလာပေသည်။ စားနပ် ရိက္ခာအတွက် ငါးများ၊ ရေနေသတ္တများကို ရေရှည် ဖမ်းဆီးနု်င်အောင်၊ မျိုးမသုဉ်းရအောင် ထိန်းသိမ်းထားရှိသော နေရာအဖြစ်ပင် သတ်မှတ်ကာ ထိန်းသိမ်းဧရိယာများ ထူထောင်လာကြပေသည်။

သို့သော်လည်း အချို့သော နေရာများရှိ ထိန်းသိမ်းဧရိယာများမှာ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ပလပ်စတစ်ညစ်ညမ်းမှုများ၊ စိုက်ပျိုးရေးထွက် စွန့်ပစ်ပစ္စည်းများ၊ တရားမဝင် ငါးခိုးဖမ်းမှုများကြောင့် ထိခိုက်မှုများလည်းရှိနေတတ်ပြန်သည်။ ဥပမာအားဖြင့် ထိန်းသိမ်းရေးဧရိယာတစ်ခုဖြစ်သော ဩစတေးလျရှိ သန္တာကျောက်တန်းများကို ထိန်းသိမ်းထားသော အမျိုးသားဥယျာဉ်တစ်ခုမှာ ပူနွေးလာသော ရေကြောင့် သန္တာကျောက်တန်းများ ပျက်စီးသွားခဲ့ရဖူးသည်။ သို့သော်လည်း လူတို့၏ ပယောဂကြောင့် သဘာဝ ရေသယံဇာတများ ပျက်စီးရခြင်းက ပို၍များသည်။

ကမ္ဘာတစ်ဝန်း မြန်မာနိုင်ငံအပါအဝင် ပင်လယ်နှင့်စပ်သော နိုင်ငံအချို့တွင် အဏ္ဏဝါထိန်းသိမ်းကာကွယ်ရေးဧရိယာများကို ပို၍ထားရှိရန် ကြိုးပမ်းလာကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာတွင်မဆို ရေသယံဇာတများမှာ အကြောင်းအမျိုးမျိုးကြောင့် ဆုတ်ယုတ်ပျက်စီးလာနေသည်ပြီး ထိုသို့ ပျက်စီးမှုများကို အတိုင်းအတာတစ်ခု အထိကာကွယ်နိုင်ရန် ကြိုးပမ်းနေကြ ရခြင်းလည်းဖြစ်သည်။ အထူးသဖြင့် သက်ရှိ ရေသတ္တဝါများမှာ အလွန်အကျွံ ဖမ်းဆီးမှုများ၊ ဥတုရာသီ ပြောင်းလဲခြင်းများကြောင့် မျိုးသုဉ်းသွားနိုင်ပြီး သန္တာကျောက်တန်း၊ ကျောက်ခက်များမှာလည်း ပျက်စီးကုန်လျှင် နောင်တွင် ပြန်လည်ကောင်းမွန်လာရန် နှစ်များစွာ စောင့်ရမည့်သဘောမျိုးလည်းဖြစ်သည်။

လူသား များ၏ အစားအသောက်နှင့်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက် ငါးများ၊ ဒီတောများ၊ ကမ်းစပ်များ၊ ပင်လယ်ပြင်များမှာလည်း အရေးပါသောအရာများ ဖြစ်သည်။ ထို့ကြောင့် ထို ရေသယံဇာတနှင့် အဏ္ဏဝါဂေဟဗေဒ စနစ်ကိုလည်း ရေရှည်တည်တံ့အသုံးပြုနိုင်အောင် ထိန်းသိမ်းထားရှိရန် မဖြစ်မနေ လိုအပ်ပေသည်။

ကိုးကား

http://www.environmentguide.org.nz/issues/marine/marine-protected-areas/benefits-of-marine-protected-areas/