ကိုဗစ်အကြောင်း ရေးမထားတဲ့ အမှန်တရားတွေ

0
322

Twitter မှာ ပွဲဆူသွားတဲ့ ကိုဗစ်အကြောင်း စာအုပ်ပါ။ online အရောင်း ဆိုင်ကြီး Amazon ရဲ့ စာအုပ်အရောင်းဆိုင်မှာ တင်ရောင်းတဲ့ ဒီစာအုပ်ကို Amazon က သူ့စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ဆိုပြီး ဖြုတ်ချလိုက်တယ်။ ဒီစာအုပ်ကို ဖြုတ်ချလိုက်တာကို Tesla နဲ့ SpaceX တည် ထောင်သူ Elon Musk ၊ လူလိုက်ပါတဲ့ အာကာသယာဉ်ကို ပုဂ္ဂလိကကုမ္ပဏီအနေနဲ့ ပထမဆုံးလွှတ်တင်နိုင်တဲ့ Elon Musk က သူ့ Twitter စာမျက်နှာကနေ ပြင်းပြင်း ထန်ထန်ကန့်ကွက်တယ်။ Amazon ပိုင်ရှင် Jeff Bezos ကိုပါ နာမည်တပ် Tagတွဲပြီး “Amazon ကုမ္ပဏီကို ခွဲပစ်ချိန်တန်ပြီ” လို့ရေးတယ်။ ဈေးကွက်ကို ကုမ္ပဏီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတာဟာ ဈေးကွက်စီးပွားရေးမှာ ပြိုင်ဆိုင်မှုကို အားနည်းစေတဲ့အတွက် ဈေးကွက်ကို လက်ဝါးကြီးအုပ်တဲ့ ဧရာမကုမ္ပဏီကြီးတွေကို ခွဲပစ်ဖို့ အမေရိကန်အစိုးရက ကြိုးစားလေ့ရှိတဲ့ သမိုင်းအစဉ်အဆက်ရှိတယ်။

Amazon က e-book ဈေးကွက်ကိုရော ရိုးရိုးစာအုပ် ဈေးကွက်ကိုပါ လက်ဝါးကြီးအုပ်ထားတာလေ။ Elon Musk ရေးပြီး နာရီပိုင်းလောက်ပဲ ကြာတယ်။ ပြန်ရောင်းခွင့်ပေးပါမယ်လို့ ဒီစာအုပ်ရေးသူကို Amazon က စာလှမ်းပို့ တယ်။ အခုတော့Amazon ရဲ့ Kindle Store မှာ ဒီစာအုပ်က အရောင်းရဆုံး နံပါတ်တစ် ဖြစ်သွားပြီ။

စာအုပ်ရေးတဲ့ Alex Berenson က နာမည်ကျော် The New York Times သတင်းစာမှာ လုပ်ငန်းစီးပွားရေးရာတွေကို စုံစမ်းထောက်လှမ်းရေးသားတဲ့ သတင်းစာဆရာ Investigative Business Reporter လုပ်ခဲ့သူ။ နောက်ကျတော့ ရောင်းအကောင်းဆုံး စာရင်းမှာပါလေ့ရှိတဲ့ ဝတ္ထုရေးဆရာ ဖြစ်သွားတယ်။

စာရေးဆရာဟာ ကိုဗစ်ကြောင့် အမေရိကန်တွေ သန်းချီသေလိမ့်မယ်လို့ အများနည်းတူ ထိတ်လန့်နေရာကနေ မတ်လလယ်လောက်ကျတော့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်တွေကို မသင်္ကာဖြစ်လာပြီး လိုက်တူးတယ်။ သူတွေ့သမျှကို Twitter မှာ တောက်လျှောက် ရေးတယ်။ အဲဒီလို တောက်လျှောက်ရေးလာတာတွေကို စုစည်းပြီး စာအုပ်ထုတ်လိုက်တာ။ ကိုဗစ်နဲ့ ပတ်သက်ပြီး လူတွေသိပ်မသိတဲ့ အမှန်တရားတွေကို စာအုပ်ငယ်တွေအဖြစ် တစ်အုပ်ပြီး တစ်အုပ် ထုတ်သွားမှာဖြစ်ပြီး ကိုဗစ်ကိန်း ဂဏန်းတွေ၊ ခန့်မှန်းချက်တွေကို မေးခွန်း ထုတ်ထားတဲ့ ပထမဆုံးစာအုပ်၊ အခု စာအုပ်က စာမျက်နှာ ၃၀ မပြည့်ဘူး။

ကျွမ်းကျင်သူတွေက ကိုဗစ် ကိန်းဂဏန်းတွေ ကြီးသထက် ကြီးအောင် ခန့်မှန်းနေကြပြီး သူတို့ရဲ့ ခန့်မှန်းချက်တွေကို ပြန်လျှော့တဲ့ အချိန်ကျပြန်တော့ လျှော့လိုက်တဲ့ ကိန်းဂဏန်းအသစ်ကို မီဒီယာတွေက မဖော်ပြဘူးလို့ သတင်းစာဆရာဟောင်းဖြစ်တဲ့ Berenson က ထောက်ပြတယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ Imperial College အစီရင်ခံစာရဲ့ ခေါင်းဆောင်ရေးသားသူ ပါမောက္ခ Neil Ferguson ဟာ မတ် ၁၆ရက်နေ့ထုတ် အစီရင်ခံစာမှာ ဗြိတိသျှတွေ ငါးသိန်းသေမယ်လို့ နဂိုက ခန့်မှန်းထားရာကနေ နောက်ကိုးရက်လောက်ကြာ မတ်လ၂၅ ရက်နေ့မှာတော့ ဗြိတိသျှတွေ နှစ်သောင်းသေမယ်လို့ ပြင်ပြောတာကို အမေရိကန်သတင်းစာတွေက မဖော်ပြကြဘူးတဲ့။ နဂိုအစီရင်ခံစာမှာ ငါးသိန်းသေမယ်ဆိုတာကိုတော့ ဖော်ပြကြ တယ်ပေါ့။ ပြီးတော့ သတင်းစာဆရာတွေ ကိုယ်တိုင်က ကမ္ဘာပျက်မတတ် အလားအလာတွေကိုပဲ ခန့်မှန်းနေတယ်တဲ့။ Twitter မှာ Follower ငါးသိန်းရှိတဲ့ သတင်းစာဆရာမတစ်ယောက်ဆိုရင် အမေရိကန် ၂၃ သန်းလောက် သေမယ်လို့ ခန့်မှန်းတယ်။

Berenson မေးတဲ့ အဓိကမေးခွန်း တစ်ခုက “Lockdown တွေ ဆက်ချသင့် သလား”။

Lockdown ချတဲ့ မူလရည်ရွယ်ချက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးတဲ့လူမရှိတော့တဲ့အထိ၊ သေတဲ့လူ မရှိတော့အထိ လုပ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ အဲဒီမူဝါဒမျိုးကို အသက်ရှူလမ်းကြောင်းကနေသွားတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ရာမှာ ဘယ်တုန်းကမှ မကျင့်သုံး ခဲ့ပါဘူးတဲ့။ ခုခံအားကျဆင်းရောဂါ HIV တို့လို ဗိုင်းရပ်စ်မျိုးတွေနဲ့တောင်မှ ကျင့်သုံးခဲ့ခြင်း မရှိသေးပါဘူးတဲ့။ HIV ဆိုရင် ဆေးမပေါ်ခင်အထိ ကူးတဲ့သူအားလုံးနီးနီး သေကြတယ်။

Lockdown တွေချဖို့ ဆုံးဖြတ်ချက် ဟာ Flatten the Curve လို့ခေါ်တဲ့ ဗျူဟာ နဲ့ပါ။ ဆေးရုံတွေဆီကို လူနာတွေ အပြုံလိုက် ရောက်လာရင်မနိုင်မှာစိုးလို့ တဖြည်းဖြည်းချင်းပဲ လူနာတွေကျလာအောင် အချိန်ဆွဲဆန့်ထားတာပါ။ အဲဒီလို လူနာတွေ ပြုံကျမလာအောင် ရည်ရွယ်ရာကနေ အခုတော့ ဒီဗိုင်းရပ်စ်ကြောင့် သေတဲ့လူ သုညအထိ ရောက်အောင် အစွမ်းကုန်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်သစ်ကို ပြောင်းသွားပါတယ်တဲ့။ ဒီလိုမူဝါဒသစ် ပြောင်းသွားတာဟာ အဆုံးအရှုံးကြီးတယ်။ Lockdown တွေချထားတဲ့ သုံးလလောက်အတွင်း ခန့်မှန်းလို့မရအောင် အဆုံးအရှုံးများခဲ့တဲ့အတွက် Lockdown တွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းသင့်တယ်တဲ့။

Berenson သိချင်တဲ့ အဓိကမေးခွန်းတွေ ရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့် အသေအပျောက်နှုန်း ဘယ်လောက်များသလဲ။ ဗိုင်းရပ်စ်က ဘယ်သူတွေကို သေစေလဲ။ အသေအပျောက်နှုန်းက ဘယ်လောက် တိကျလဲ။ ပိုတွက်ထားလား၊ လျှော့တွက် ထားလား။

အသေအပျောက်နှုန်းစစ်စစ်ကို သိချင်ရင် လူဘယ်လောက်ကို ကူးသလဲ သိရမယ်။ ကူးသူ တစ်သိန်းမှာ သေသူတစ်သောင်းဆိုရင် အသေအပျောက်နှုန်းက ၁၀ ရာခိုင်နှုန်း ရှိတဲ့အတွက် အန္တရာယ်ကြီးတဲ့ ဗိုင်းရပ်စ် ဖြစ်တယ်။ ကူးသူဆယ်သန်းမှာ သေသူ တစ်သောင်းဆိုရင်တော့ အသေအပျောက်နှုန်းက ဝ ဒသမ ၁ရာခိုင်နှုန်းပဲရှိပြီး တုပ်ကွေးသေနှုန်းလောက်ပဲ ဖြစ်သွားပါပြီ။ တကယ့် ကူးစက်နှုန်းကို သိဖို့ကျ အင်မတန် ခက်ပါတယ်။ ဝင်လာတဲ့ပိုးကို ခန္ဓာကိုယ်က ပြန်တိုက်တဲ့အခါထွက်လာတဲ့ anti-body တွေကို ရှာတဲ့ anti-body test တွေ စစ်ကြည့် မှ လူဘယ်လောက်ကို ကူးပြီးပြီလဲ။ ဘယ်လောက်ပြန်ကောင်းနေပြီလဲကို သိရမယ်။ ကမ္ဘာအရပ်ရပ်မှာ လူတွေကို ကြုံသလို anti-body test နဲ့ စစ်ဆေးကြည့်တဲ့အခါ လက်ရှိကူးနေသူတွေကိုစစ်ရင် တွေ့နှုန်းထက် လူအများကြီးဟာ ဗိုင်းရပ်စ်ဝင်ခဲ့တာကို တွေ့ရတယ်။ ဗိုင်းရပ်စ်ကူးသူတွေဟာ သူတို့မှာ ဗိုင်းရပ်စ်ဝင်နေမှန်းတောင် သတိမထားမိကြဘူး။

အဲဒီတော့ ဗိုင်းရပ်စ်ကူးတဲ့ လူဦးရေဟာ ပင်လယ်ထဲမျောနေတဲ့ ရေခဲတောင်ကြီးလိုပဲ ရေထဲမြုပ်နေတဲ့အပိုင်း၊ လူမသိတဲ့ အပိုင်းက ရေပေါ်က အစွန်းလေးထက်အများကြီး ကြီးပါတယ်။ ဒါ့ကြောင့် သိပ္ပံပညာရှင်တွေကလည်း သူတို့ရဲ့ အသေအပျောက် ခန့်မှန်းချက်တွေကို လျှော့ချလာ ကြတယ်။

မေ၂၀ရက်နေ့မှာ အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟို Centers for Disease Control CDC က ဗိုင်းရပ်စ်ဟာ ကူးစက် သူ ၄၀ဝ မှာ တစ်ယောက်ပဲ သေမယ်။ ဝ ဒသမ ၂၆ ရာခိုင်နှုန်းလို့ ထုတ်ပြန်ခဲ့တယ်။ (လက္ခဏာပြသူတွေရဲ့ ဝ ဒသမ ၄ ရာခိုင် နှုန်း ဗိုင်းရပ်စ်ကြောင့်သေမယ်။ ဒါပေမဲ့ လူသုံးယောက်မှာ တစ်ယောက်ကျော်ဟာ ဘာလက္ခဏာမှ ပြမှာမဟုတ်ဘူးလို့ CDC က ပြောတယ်)။ အမေရိကန်နိုင်ငံ လော့စ်အိင်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနကြီး တစ်ခုမှာတော့ ကူးစက်အသေအပျောက်နှုန်းကို ဝ ဒသမ ၁၅ ကနေ ဝ ဒသမ ၃ ရာခိုင်နှုန်းကြားထဲ ခန့်မှန်းတယ်။ CDC နဲ့ တခြား သုတေသန စာတမ်းတွေကိုပါ ပေါင်းပြီးတွက်ကြည့်ရင် ကူးစက်သူတွေရဲ့ အသေအပျောက်နှုန်းဟာ ဝ ဒသမ ၁၅ ကနေ ဝ ဒသမ ၄ ရာခိုင်နှုန်းကြားထဲမှာ ရှိနေတယ်။ အဲဒီတော့ ဗိုင်းရပ်စ်ကူးစက်သူတွေ အယောက်၂၅၀ မှာ တစ်ယောက် သေနိုင်ခြေကနေ အယောက် ၆၀ဝ ကို တစ်ယောက် သေနိုင်ခြေကြားထဲမှာ ပြေးနေတယ်။

ကိုဗစ်ဗိုင်းရပ်စ်နှင့် ထိတွေ့သူတိုင်းလည်း ကူးတာမဟုတ်ပါဘူးတဲ့။ ကိုဗစ်နဲ့ ဆင်တဲ့ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ထိတွေ့တိုက် ခိုက်ရာကနေ သူတို့ခန္ဓာကိုယ်က ရောဂါပြီးနေတာကြောင့် တချို့တွေ ရောဂါမကူးတာလည်း ဖြစ်နိုင်ပါတယ်။ လေယာဉ်တင် သင်္ဘောတွေ၊ အပျော်စီးသင်္ဘောတွေမှာ ရောဂါကူးစက်ပျံ့နှံ့တာတွေကို လေ့လာကြည့်ရင်လည်း လူတိုင်းကို မကူးတဲ့ အကြောင်းတွေ့နိုင်ပါတယ်။ လူ ၅၀ ကနေ ၇၀ ရာခိုင်နှုန်းကို ကူးလိမ့်မယ်လို့ ခန့်မှန်းတာ အကောင်းဆုံးပါ။ ပြင်သစ်လေယာဉ်တင် သင်္ဘောတစ်စင်း ဥပမာကိုကြည့်ရင် သင်္ဘောသား ၆၀ ရာခိုင်နှုန်းလောက် ကူးတယ်။ (ဘယ်သူမှမသေဘူး။ သင်္ဘောသား ၁၀၇၄ ယောက်မှာ နှစ်ယောက်ပဲ အထူးကြပ်မတ် ကုသခံရတယ်)။ စာရေးဆရာကလေယာဉ်တင်သင်္ဘောတို့၊ အပျော်စီးသင်္ဘောတို့ကို ဥပမာပြတာက ဒီနေရာတွေဟာ ပိုးကူးရင် ဘယ်မှပြေးလို့မရဘဲ ငုတ်တုတ်ခံရမယ့် နေရာတွေ ဖြစ်လို့ပါ။

အဲဒီတော့ အဆိုးဆုံးခန့်မှန်းကြည့်ရင် worst-case scenario မှာ (သေလွယ်သူတွေ ကို မကာကွယ်ဘူး၊ ရောဂါကို ထိန်းနိုင်အောင် ဘာမှမလုပ်ဘူးဆိုရင်) အမေရိကန် လူဦးရေရဲ့ ဝ ဒသမ ဝ၇၅ ရာခိုင်နှုန်းကနေ ဝ ဒသမ ၂၈ ရာခိုင်နှုန်း သေမယ်။ အမေရိကန် ၃၆၀ မှာ တစ်ယောက်၊ လူ ၁၃၀ဝ မှာ တစ်ယောက်သေလိမ့်မယ်။ ဒါက နှစ်စဉ်ဖြစ်လေ့ရှိတဲ့ တုပ်ကွေးထက် များနေပါသေးတယ်။ တုပ်ကွေးလက္ခဏာပြသူ တစ်ထောင်မှာတစ်ယောက် သေတယ်၊ စုစုပေါင်းအသေအပျောက်နှုန်းက ၂၀ဝ၀ မှာ တစ်ယောက်လို့ ပြောလေ့ရှိတယ်။ ဒါပေမယ့် တုပ်ကွေးက ပုံပြောင်း၊ သဘာဝပြောင်းတာ အရမ်းမြန်တယ်၊ တစ်နှစ်နဲ့ တစ်နှစ်လည်း မတူဘူး။ ယှဉ်ကြည့်ရင် ကိုဗစ်ဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့ နှစ် ၁၀ဝ လောက်က စပိန်တုပ်ကွေးထက် အများကြီးသက်သာပုံရတယ်။ စပိန်တုပ်ကွေး ကူးစက်သူ ၅၀ မှာ တစ်ယောက်သေတယ်လို့ ပြောကြတာကိုး။

ဘယ်သူတွေ သေမှာလဲ။ ကိုရိုနာဗိုင်းရပ်စ်ကသာ မသတ်ရင် သူတို့ ဘယ်လောက်နေရဦးမလဲ။ ဒီမေးခွန်းတွေကလည်း အရေးကြီးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်အလွန်ကြီးသူတွေနဲ့ အိပ်ရာပေါ် လဲနေသူတွေကို အဓိကသေစေတယ်။ သေသူတွေဟာ ဗိုင်းရပ်စ်ကြောင့် မသေရင်တောင် အလွန်ဆုံးလပိုင်း လောက်ပဲ နေရတော့မှာ။ တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကြောင့်သေသူတွေရဲ့ Median Age ဟာ ၈၀နဲ့ ၈၂ ကြား (သေသူထက် ဝက်ဟာ ဒီအသက်ထက်ငယ်ပြီး သေသူထက်ဝက်က ဒီအသက်ထက်ကြီးတယ်)။ ဗိုင်းရပ်စ်ကြောင့်သေတဲ့ အီတလီ သုံးသောင်း နှစ်ထောင်ရဲ့ Median Age ဟာ ၈၁ (သေ တဲ့ အီတလီတွေရဲ့ ထက်ဝက်က ၈၁ ထက် ကြီးတယ်၊ ကျန်ထက်ဝက်က ၈၁ အောက် ငယ်တယ်)။ သေတဲ့ အီတလီ တစ်သောင်း သုံးထောင် လောက်က ၈၀ ကျော်တွေ။ နောက်ထပ် ၅၄၀ဝ က ၉၀ ကျော်။ မေ ၂၈ အထိ နယူးယောက်မှာ စာရင်းပေါက် သေတဲ့ ၂၃၇၀ဝ မှာ ၄၀ ရာခိုင်နှုန်းလောက်က အသက် ၈၀ တန်းတွေ။ သက်ကြီးရွယ်အို စောင့်ရှောက်တဲ့ဂေဟာတွေမှာ နေသူတွေဟာ အမေရိကန်ပြည်ထောင်စု ကိုဗစ် အသေအပျောက်စာရင်းရဲ့ ၄၀၊ ၅၀ ရာခိုင်နှုန်း လောက်ရှိတယ်။

ပြဿနာတစ်ခု ရှိသေးတယ်။ ကိုဗစ်ရှိကြောင်း စမ်းသပ်တွေ့ရှိသူတွေ သေရင် နဂိုဘာရောဂါကြီးပဲ ရှိနေရှိနေ ကိုဗစ်ကြောင့် သေတာလို့ပဲ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တွေမှာ စာရင်းသွင်းကြတာကြောင့်လည်း ကိုဗစ်ကြောင့်သေတဲ့ အမေရိကန်အရေအတွက်ဟာ ပိုများလာတယ်လို့ စာရေးဆရာက ပြောတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ရောက်နေပြီး သူ့ဘာသာသူ သုံးလေးပတ်ပဲ နေရတော့မယ့်လူနာတောင် ကိုဗစ်ဝင်သွားတုန်းသေရင် ကိုဗစ်နဲ့ သေတဲ့ စာရင်းဝင်သွားတယ်တဲ့။

သက်ကြီးရွယ်အိုတွေ သေပျောက်နှုန်းများတာကို တစ်ဖက်က ကြည့်ပြန်ရင် ကလေးတွေ၊ လူငယ်တွေအထူးသဖြင့် ဆယ်ကျော်သက်တွေဟာ ကိုဗစ်အန္တရာယ်နဲ့ အတော်လေးဝေးတယ်။ အီတလီလို အသေအပျောက်များတဲ့နိုင်ငံမှာတောင် အသက် ၃၀ အောက် ၁၇ ယောက်ပဲ သေတယ်။ ဗြိတိန်မှာ အသက် ၁၅ နှစ်အောက် လေးယောက် သေတယ်။ New York မှာ အသက်၂၀ အောက် ၁၄ ယောက် သေတယ်၊ အသက် ၃၀ အောက် ၁၀၂ ယောက် သေတယ်။

ကိုဗစ်ထက် တုပ်ကွေးကြောင့် ကလေးတွေ ပိုသေကြတယ်။

၂၀၁၉-၂၀၂၀ တုပ်ကွေးရာသီမှာ အမေရိကန် CDC ဆီကို ရောက်လာတဲ့ တုပ်ကွေးကြောင့် သေတဲ့ကလေးစာရင်းဟာ ၁၈၀ ကျော်တယ်။ ကိုဗစ်ကြောင့်သေတဲ့ အသက် ၁၅ အောက် စာရင်းက ခုထက်ထိ ၁၉ ယောက်ပဲ ရှိသေးတယ်။

Berenson ရဲ့ စာအုပ်ကိုဝေဖန်သူတွေ အများကြီးရှိသလို Elon Musk တို့လို အားပေးသူတွေလည်း မနည်းဘူး။ အစိုးရအဖွဲ့ အစည်းတွေက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကိုပဲ ကိုးကားထားတယ်လို့ စာရေးသူက သူ့ကိုဝေဖန်သူတွေကို အမြဲတုံ့ပြန်လေ့ရှိတယ်။

စာအုပ်က စာမျက် နှာ ၃၀ မပြည့်တဲ့အတွက် ဖတ်ရမြန်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားချင့်ချိန်ပေါ့လေ။

ဇေယျသူ