ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးကျွန်းနှင့် ကမ်းခြေများကိစ္စ တိုင်းအစိုးရသဘောထား နေပြည်တော်ပို့

0
273

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Development Group ကုမ္ပဏီမှမြေလွတ်မြေလပ် လျှောက်ထားမှုအပေါ် တိုင်းအစိုးရသဘောထားကို ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးကော်မတီထံ တင်ပြထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီထံမှ သိရသည်။

အဆိုပါကျွန်းရှိ မြေဧက ၁၄၀ ပေါ် တွင် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါ ကုမ္ပဏီက လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ယခုလအတွင်း ပေးပို့ထားကြောင်း တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ တိုင်း မြေစာရင်းဦးစီးမှူး ဦးမြင့်သိန်းက ဆိုသည်။

Excellent Fortune Development Group ကုမ္ပဏီမှ ပဲ့စင်ကျွန်းကို ဗဟိုကော်မတီသို့ လျှောက်ထားခဲ့ပြီးနောက် လောင်းလုံးမြို့နယ် မြေစာရင်းရုံးတွင် ကန့်ကွက်လွှာခေါ်ယူခဲ့သည်။

ထိုသို့ကန့်ကွက်လွှာခေါ်ချိန်တွင် ထားဝယ်ဒေသခံများက ကန့်ကွက်စာတင်ကြသည့်အတွက် သီးခြားအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။

သီးခြားအဖွဲ့တွင် မြေစာရင်းဌာန၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဌာန၊ စီမံကိန်းဌာန၊ ထွေအုပ်ဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ကြောင်း သရက်ချောင်းမြို့နယ် မြေစာရင်းဌာနထံမှ သိရသည်။

သီးခြားအဖွဲ့၏ စစ်ဆေးချက် ရလဒ်ကို အဆင့်ဆင့်တင်ပြပြီးနောက် တိုင်းကော်မတီက တိုင်းအစိုးရ၏ သဘောထားကိုယူရကြောင်း ဦးမြင့်သိန်းက ဆိုသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ သဘောထားကို ထပ်ပြီးတော့ ယူရတယ်၊ တိုင်းအစိုးရအဖွဲ့ သဘောထားနဲ့အတူ ဗဟိုမြေလွတ်၊ မြေလပ်ကော်မတီကို ဆက်လက်တင်ပြရတယ်” ဟု ဦးမြင့်သိန်းက ပြောသည်။

တိုင်းကော်မတီတွင် ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တိုင်းမြေစာရင်း ဦးစီးမှူးက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။

ထိုသို့ ကျွန်းများ လျှောက်ထားမှုနှင့် ပတ်သက်၍ တိုင်းအစိုးရက မည်သို့မှတ်ချက်ပေးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ပဲ့စင်ကျွန်းလျှောက်ထားမှုအပေါ် တိုင်းအစိုးရက မည်ကဲ့သို့ သဘောထား မှတ်ချက်ကိုပေးခဲ့သည်ကို ဝန်ကြီးချုပ် ဦးမြင့်မောင်ထံမေးမြန်းရာ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းကို မေးမြန်းရန် ပြောဆိုခဲ့သည်။

တိုင်းအစိုးရအဖွဲ့ရုံးရှိ ဦးမြင့်စန်း၏ ရုံးခန်းပိတ်ထားသည့်အတွက် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသဖြင့် မေးမြန်းခွင့် မရခဲ့ပေ။

Excellent Fortune Development Group ကုမ္ပဏီဒါရိုက်တာ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းခင်မြင့်ရီတို့ ဇနီးမောင်နှံက ပဲ့စင်ကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျွန်းနှင့် ကမ်းခြေ ၅ ခုကို မြေလွတ်၊ မြေလပ် လုပ်ပိုင်ခွင့်လျှောက်ထားခဲ့သည်။

၎င်းတို့နှစ်ဦးအမည်ဖြင့် တောကျဲကျေးရွာအုပ်စုရှိ ပဲ့စင်ကျွန်း၊ ကျောက်တွင်း ကျေးရွာအုပ်စုရှိ (ဒေသအခေါ် ကျောက် တောင်ကြီး) တွင် ၁၃၈ ဧက၊ စမ်းလှမ်း ကျေးရွာရှိ စမ်းလှမ်းကျွန်းပေါ် ၈ ဧကနီးပါး၊ ပညစ်ကျေးရွာအုပ်စုရှိ ပညစ်ကျွန်းပေါ် ၁၂ ဧကနီးပါးနှင့် ကျောက်တွင်း ကျေးရွာအုပ်စု (ဒေသအခေါ် အလယ် သဲအော်) ၃၇၀ ဧကတို့ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အောက်ကျောက်ဝပ် ကျေးရွာအုပ်စု ဝမော်ကျွန်းပေါ်တွင် ၂ ဧက နှင့် ပညစ်ကျေးရွာရှိ (ချမ်းသာကျွန်း) တွင်လည်း မြေလွတ် မြေလပ် ၂ ဧကခွဲကိုလည်း လျှောက်ထားရန် ပြင်ဆင်နေသည်ဟုသိရကြောင်း မြေစာရင်း ဦးစီးဌာနထံမှ သိရသည်။

၎င်းတို့နှစ်ဦးက ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အထက်ပါ လျှောက်ထားမှုများအနက် ပဲ့စင်ကျွန်းနှင့် စမ်းလှမ်းကျွန်းပေါ် ၈ ဧကနီးပါးအတွက် တိုင်းအစိုးရ၏သဘောထား မှတ်ချက်များပေးထားပြီးဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောသည်။

ပဲ့စင်ကျွန်းအတွက် တိုင်းအစိုးရ၏သဘောထားမှတ်ချက်ကို ယခုလအတွင်း ပေးပို့ထားပြီး စမ်းလှမ်းကျွန်းအတွက် သဘောထားမှတ်ချက်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။

Excellent Fortune Development Group ကုမ္ပဏီသည် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် အစိုးရကို ငွေကြေးများစွာ လှူဒါန်းထားသည်။