ကိုဗစ်အရေး တိုင်းအစိုးရနှင့် ရပ်ကျေး အချိတ်အဆက်

0
344

ကိုဗစ်ကပ်ဘေးကာလတစ်လျှောက်တွင် တိုင်းအစိုးရက အမိန့်ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်များကို အခြေခံပြီး လုပ်ဆောင်ရမည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များအကြားတွင် နားလည်မှုလွဲမှား လုပ်ဆောင်မှုများလည်း ကြုံတွေ့ခဲ့ရသည်။

တိုင်းနှင့်ပြည်နယ်များမှ လာရောက်သူမျာကို စောင့်ကြည့်စခန်းတွင် နေထိုင်စေမည့်အချက်မှစ၍ အခြားအချက်အချို့တွင်လည်း တိုင်းအစိုးရနှင့် မြေပြင်တွင် လုပ်ဆောင်နေသူတို့ တစ်သားတည်း မကျသည့် အနေအထားမျိုးလည်း ရှိခဲ့သည်။

ထို့အပြင် တရားမဝင်နယ်စပ်ဝင်ပေါက်မှ ဝင်လာသူများအရေးကိစ္စတွင်လည်း တိုင်းအစိုးရနှင့် ဗဟိုတို့အကြား မူဝါဒမရှင်းလင်းသည့် အခြေအနေမျိုးရှိသဖြင့် ပြည်ထောင်စုကို ပြန်လည်မေးမြန်း ထားရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

လက်ရှိတွင် တိုင်းအစိုးရက ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည့် အမိန့်ကြေညာချက်အပေါ်တွင်လည်း ရပ်ကျေးအဆင့်နှင့် တိုင်းအစိုးရအကြား အချိတ်အဆက်အားနည်းတာ တွေ့ရသည်။

အမိန့်ကြေညာချက်တွင် ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်မှ လာရောက်သူများက စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်း နေထိုင်ရမည်ဟု ထုတ်ပြန်ထား သည်။

ယင်းမြို့နယ်နှစ်ခုမှလွဲ၍ ကျန်မြို့နယ်မှ လာသူများက ရပ်ကွက်/ကျေးရွာ ထောက်ခံချက်ပါရန်လိုအပ်ပြီး စောင့်ကြည့်စခန်းတွင် နေထိုင်ရန်မလိုဟု ဖော်ပြထားသည်။

သို့သော် မြေပြင်တွင်မူ ရန်ကုန်တိုင်းအတွင်း မည်သည့်မြို့နယ်က လာရောက်သည်ဖြစ်စေ စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်း နေထိုင်စေသည့် ရပ်ကျေးအချို့လည်း ရှိနေသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများကို မေးမြန်းထားချက်များအား ကောက်နုတ်ဖော်ပြ လိုက်ပါသည်။


ကျွန်တော်တို့ကိုတော့ ထွေအုပ်ကနေ ညွှန်ကြားတာတော့ မရှိသေးဘူး ခင်ဗျား။ စံသတ်မှတ်ချက်ကတော့ ကျွန်တော်တို့ရွာရဲ့ ရပ်မိရပ်ဖတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆွဲပြီးတော့ လုပ်နေတယ်ခင်ဗျား။

အရင်ကဆို မြိတ်၊ ကော့သောင်းပြန်တွေကို ထားသေးတယ်။ အခုနောက်ပိုင်းက ကျောင်းတွေကလည်း ဇွန် ၁၅ ရက်နေ့မှာ ပြန်အပ်ရတော့မယ်ဆိုတော့ မြိတ်၊ ကော့သောင်း၊ ထီးခီးအပိုင်းကတော့ထားလို့ မရတော့ဘူး။

အခုရန်ကုန်ကပြန်သူတွေကိုတော့ လက်ရှိအနေအထားမှာတော့ တကယ်လို့ လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က မြို့နယ်ကို အကြောင်းကြားရမှာ ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲပေါ့။ သူတို့ကို ၂၁ ရက် Q ဝင်ခိုင်းရမလား၊ တကယ်လို့များ Q ဝင်ခိုင်းရမယ်ဆို နေရာကို ဘယ်မှာပေးမလဲ။ လက်ရှိကတော့ ကျွန်တော်တို့ဆီမှာ Q ဝင်နေသူ မရှိသေးဘူးခင်ဗျ။
(တိုင်းအစိုးရအမိန့်ကြေညာချက်) စာထဲမှာဖတ်ရတဲ့ပုံစံအရဆိုတော့ လွှတ်ပေးတဲ့နေရာကလာမယ်ဆိုရင် Q ထားလို့မရဘူးပေါ့။ ရန်ကုန် နှစ်နေရာကလာမယ်ဆိုရင်တော့ ၂၁ ရက် Q ထားရမှာပေါ့။

လောင်းလုံးက မြို့နယ်ကလည်းပဲ ညွှန်ကြားချက်မရှိသေးဘူးဆိုတော့ ကျွန်တော်တို့ဘက်က ဆုံးဖြတ်ရတာ ခက်နေတာပေါ့။ တကယ်လို့များလာခဲ့သည်ရှိသော် ကျွန်တော်တို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားရမှပေါ့။ ဘယ်လိုလုပ်ပြီး စီစဉ်ဆောင်ရွက်မလဲပေါ့။

လက်ရှိအနေအထားအရ သူတို့က ညွှန်ကြားချက်မဆင်းဘူးဆိုတော့ ကျွန်တော် တို့ဘက်က Q ဝင်ရမယ့် အနေအထားဖြစ်နေတယ်ခင်ဗျား။ ကျွန်တော်တို့ဘက်က အားလုံးမနစ်နာဘဲ လိုချင်တာပေါ့။

ဦးဆန်းဝင်း
ပန်းတင်အင်းကျေးရွာ အုပ်ချုပ်ရေးမှူး


တိုင်းအစိုးရရဲ့ အမိန့်ညွှန်ကြားချက်ကို မြို့နယ်က ထပ်ဆင့်ညွှန်ကြားတာမျိုး မရှိဘူး။ မရမ်းကုန်နဲ့အင်းစိန်ကလာတဲ့လူပဲ လက်ခံရမယ်၊ ကျန်တဲ့နေရာကလာတဲ့ လူဆိုရင် Q မဝင်ရတော့ဘူးဆိုတာ ညွှန်ကြားစာတော့ မရှိဘူး။ နှုတ်နဲ့ပဲ လှမ်းမေး နေရတယ်။

ညွှန်ကြားစာမရှိတော့ လုပ်ရကိုင်ရတာ ခက်ခဲမှုရှိတာပေါ့လုပ်ရတာ။ ညွှန်ကြားစာ နဲ့ဆိုရင် ခရီးသွားပြီး ပြန်လာသူတွေနဲ့ အလုပ်လုပ်ရတဲ့အချိန်မှာဆို စကားပြောခန်း မရှိဘူးပေါ့။ မရမ်းကုန်းနဲ့ အင်းစိန်ကလာတဲ့သူဆို Q ထည့်ရမယ်။ ကျန်တဲ့နေရာကဆို မထည့်ရဘူးဆိုတာ ကာဗာတစ်ခုရတာပေါ့။ အလုပ်လုပ်ရတာ ဒီလိုမဟုတ်ရင် စကားတွေအများကြီး ပြောနေရတယ်။ ခင်ဗျားတို့မှာ ညွှန်ကြားစာ ရှိလား၊ Q ထည့်ရမယ် မထည့်ရဘူးဆိုတာ စကားတွေအများကြီးပြောရတယ်။

ကာဗာတစ်ခုအနေနဲ့ ညွှန်ကြားစာပေးစေချင်တယ်။ သူတို့ဘက်က တိတိကျကျ ထုတ်ပေးမှ အလုပ်လုပ်ရတာ အဆင်ပြေချော့မွေ့တာပေါ့ကွယ်။

လောင်းလုံးမြို့နယ်အတွင်းရှိ အခြားရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး


ဖြစ်ပွားခြင်းမရှိသေးတဲ့ ဒေသများကလာရင် Q ဝင်စရာမရှိဘူးလို့ တိုင်းအစိုးရကတော့ ထွက်တယ်ခင်ဗျား။ ကျွန်တော်တို့လည်း ရပ်ကျေးတွေကို (စာ) ပြန်ထွက် ထားတယ် ခင်ဗျား။ လောလောဆယ် လက်ခံထားတဲ့သူတွေက နိုင်ငံခြားပြန်တွေ ပဲခင်ဗျား။
ထွက်တယ်ခင်ဗျား။ သူတို့နည်းနည်း နားလည်မှုလွဲတယ်။ မရမ်းကုန်းနဲ့ အင်းစိန်အဲလိုတော့ မထည့်ဘူးခင်ဗျား။ ရန်ကုန်မှာရှိတဲ့ ဖြစ်ပွားခြင်းမရှိသော ဒေသများက လာမယ်ဆိုရင်တော့ Q ဝင်စရာမလိုဘူးဆိုပြီး အဲလိုထုတ်ထားတယ်။

တကယ်လို့ သူတို့ (ရပ်ကျေး အုပ်မှူး) မေးလာတဲ့အခါကျရင် ရှင်းအောင် ပြန်ပြောမယ်ခင်ဗျား။ ရွာတွေကိုလည်း တစ်ခါပြန်ပြောမယ်။

(Q ဝင်/မဝင်) တိုင်းအစိုးရရဲ့ အမိန့်ညွှန်ကြားချက်အတိုင်းပဲ သွားရမှာပါ။

ဦးကံထူး
လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး


(အင်းစိန်နှင့် မရမ်းကုန်းမှလွဲ၍) ဒီညွှန်ကြားချက်ရှိတယ် ဝင်စရာမလိုဘူးလို့သာ ပြောလိုက်။ ဒါပေမယ့်တစ်ခုတော့ရှိတယ် ထောက်ခံချက်တော့ပါရမယ်။ Q ၂၁ ရက်ကို အဓိကကတော့ မရမ်းကုန်းနဲ့ အင်းစိန်ပေါ့ ရောဂါအဖြစ်များတဲ့ နေရာပေါ့။ ဒါကိုတောင်မှ ပြန်လည်သုံးသပ်ဖို့လည်း ရှိနေပါတယ်။

ကိုဗစ် ၁၉ အစည်းအဝေးပေါ့နော်၊ ပြီးခဲ့တဲ့ အပတ်အစည်းအဝေးမှာ အဖြစ်များတဲ့ မရမ်းကုန်းနဲ့အင်းစိန်ပေါ့။ ညွှန်ကြားချက်အတိုင်းကို ချပြတယ်ပေါ့။ သက်ဆိုင်ရာ မြို့နယ်က သူ့ရပ်ကျေးတွေကို သူအကြောင်းကြားရမှာပေါ့။

မသိသေးတာလည်းဖြစ်မှာပေါ့။ (အခြားမြို့နယ်မှလာသူများကို) အတင်း Q ဝင်ခိုင်းမယ်ဆိုရင်တော့ အစိုးရအဖွဲ့ကလည်း ထုတ်ပြန်ပြီးသားလေ။ အတင်းဝင်ခိုင်းမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေရှိနေတာပဲ။ သက်ဆိုင်ရာ မြို့နယ်တို့ကို ပြောလို့ရတယ်။

ဦးအောင်စိုးမိုး
ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး


စိုးရိမ်ပူပန်မှုတွေ ဘယ်လိုပဲဖြစ် ဖြစ်လေ၊ အစိုးရကနေပြီးတော့ ဒါကိုညွှန် ကြားထားတယ်ဆိုရင် ဒီအတိုင်းလိုက်နာဖို့တော့ တိုက်တွန်းလိုတယ်ပေါ့နော်။ ဒါပဲပြောချင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးအပိုင်းကနေပြီးအဆင့်ဆင့် ညွှန်ကြားမှုဖြစ်သွား ဖို့အတွက်ကိုလည်းပဲ ကျွန်တော်တို့ ဆွေးနွေးပေးသွားပါမယ်။


ဝန်ကြီးဦးကျော်မင်း
တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ

ကိုဇော်