မော်တော်ယာဉ် ဥပဒေ အသစ်ဖြင့် ဇူလိုင်တွင် စတင်အရေးယူမည်

0
496

လက်ရှိပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအသစ်ဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်အရေးယူတော့မည့်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ ပြောကြားသည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်ကို ဇွန်လကုန်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားသည်။

ယင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့မှစပြီး အစုအဖွဲ့များဖွဲ့ပြီး ဖမ်းဆီးအရေးယူသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင်လည်း သတိပေးခြင်းကို အဆင့်ဆင့်လုပ်ဆောင်မည်ဖြစ်သည်။

ဆိုင်ကယ်ရှေ့မီးထွန်းရန် သတိပေးခြင်း၊ သတ်မှတ်ချက်မမီသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်ဆောင်းသူများကို အရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စည်းကမ်းမဲ့မောင်းနှင်မှုများ၊ ပါဝါ အိတ်ဇောတပ်မောင်းနှင်မှုများကိုမူ အပြင်းအထန်ဖမ်းဆီးအပြစ်ပေးခြင်းမျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ ပြောကြားသည်။

“ပြည်သူတွေကို အပြစ်ပေးဒဏ်ရိုက် ချင်လို့မဟုတ်ပါဘူး။ စီးနင်းမောင်းနှင် နေတဲ့သူတွေကို စည်းကမ်းရှိစေချင်လို့ပါ” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ ပြောသည်။

ပညာပေး ကာလဟုဆိုသော်လည်း ဥပဒေအသစ်ထွက်ပြီးသည့်နောက် ရက်ပိုင်းသာ ထိုသို့သော ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းများစွာ မတွေ့ရတော့ကြောင်း ထားဝယ်မြို့ခံ အချို့ကဆိုသည်။

“အခုတော့ မတွေ့တော့ဘူး” ဟု ထားဝယ်မြို့မှ လူငယ်တစ်ဦးဖြစ်သည့် ကိုနိုင်နိုင်ထွေးက ပြောသည်။

တရားမဝင်မော်တော်ကားများ ဖမ်းဆီးအရေးယူမှုကို ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်ကို ၂၀၂၀ပြည့်နှစ် မေလ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက် ခြင်းဖြစ်သည်။

ပြည့်ဖြိုး