ဘိုးဘွားငါးထောင်ကျော် ကိုဗစ် ထောက်ပံ့ကြေးရမည်

0
417

တိုင်းအတွင်းရှိ အသက်ကြီးဘိုးဘွား ငါးထောင်ကျော် (၅၄၃၃ ဦး) ကို ကိုဗစ် ထောက်ပံ့ကြေးကို ယခုဇွန်လအတွင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမူဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

ဧပြီ၊ မေ၊ ဇွန်လ တို့တွင် အသက် ၈၅ နှစ်နှင့်အထက်ဖြစ်သည့် ဘိုးဘွားတို့က ယင်းထောက်ပံ့ကြေးရမည်ဖြစ်ပြီး တစ်ဦးလျှင် ကျပ်သုံးသောင်းရရှိမည်ဖြစ် ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပေးမှာကတော့ ဒီလထဲမှာပဲ ပေးမယ်။ မြို့နယ်တွေကို ပိုက်ဆံတွေ ခွဲဝေပြီးတော့ ပို့ထားလိုက်ပြီ။ ကိုဗစ်ထောက်ပံ့ ကြေးကတော့ ဒီတစ်ကြိမ်မှာပါတဲ့ ဘိုးဘွားတွေပဲ ရမှာပေါ့နော်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါ ကိုဗစ်ထောက်ပံ့ကြေးကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ အကူအညီဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

ကိုဗစ်ထောက်ပံ့ကြေးရသည့် ဘိုးဘွားတို့သည် အစိုးရက သုံးလတစ်ကြိမ်ပုံမှန် ထောက်ပံ့နေသည့် လူမှုရေးပင်စင် ကျပ်သုံးသောင်းနှင့် ကိုဗစ်ထောက်ပံ့ကြေး ကျပ်သုံးသောင်း ပေါင်းပါက စုစုပေါင်း ကျပ်ခြောက်သောင်း ရရှိမည်ဖြစ်သည်။

ကိုဗစ်ထောက်ပံ့ကြေးနှင့် လူမှုရေးပင်စင်ရရှိမည့် ဘိုးဘွားများမှာ ထားဝယ်ခရိုင်တွင် သုံးထောင်နီးပါး (၂၉၀၉ ဦး)၊ မြိတ်ခရိုင်တွင် နှစ်ထောင်ကျော် (၂၂၇၅ ဦး)၊ ကော့သောင်းခရိုင်တွင် နှစ်ရာကျော် (၂၄၉ ဦး) ရှိကြောင်း တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

ယင်းအပြင် တိုင်းအတွင်းရှိ အသက် ၂ နှစ်နှစ်အောက်ကလေးငယ်များ၊ ကွာရင်တင်းဝင်နေသည့် ကိုယ်ဝန်ဆောင်များ၊ အသက် ၆၀ နှင့်အထက် ဘိုးဘွားများတို့ကိုလည်း စာရင်းကောက်ခံနေပြီး ၎င်းတို့ကိုလည်း ငွေကြေးထောက်ပံ့နိုင်ခြေရှိကြောင်း အထက်ပါဌာန တာဝန် ရှိသူတစ်ဦးက ပြောသည်။

“အခုကတော့ စာရင်းကောက်ခံ ခိုင်းနေတာပဲ ရှိသေးတယ်။ ထောက်ပံ့မှာ လားဆိုတာကတော့ မသေချာသေးဘူး ပေါ့နော်” ဟု ၎င်းက ပြောသည်။

ကျော်သူစိုး