ကိုဗစ်အလှူငွေ ပြည်ထောင်စုကို အပ်ရ၊ လိုအပ်ကပြန်တောင်းပြီး သုံးစွဲဟုဆို

0
428

ကိုဗစ်ကပ်ဘေးနှင့်ပတ်သက်၍ ပြင်ပအလှူရှင်များက တိုင်းအစိုးရထံ လှူဒါန်းငွေများကို ပြည်ထောင်စုကိုအပ်ရပြီး လိုအပ်ပါက ပြန်လည်တောင်းခံ၍ သုံးစွဲနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။

တိုင်းအစိုးရကို လာလှူသည့် ငွေကြေးများကို ချက်ချင်းသုံးစွဲခွင့်မရှိဘဲ ငွေအားလုံးကို ပြည်ထောင်စုထံ အပ်နှံရကြောင်း ၎င်းက ဆိုသည်။

“ပြီးတော့မှ ကျွန်တော်တို့က ပြည်ထောင်စုမှာကိုယ့်သုံးချင်တဲ့ဟာကို စနစ်တကျ ပြန်တောင်းယူရပါတယ်။ ဒီငွေကို ဒီမှာတင် သုံးတာမျိုး မဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်ရန် ယခင်ကတည်းက လမ်းညွှန်ထားကြောင်း ၎င်းက ဆိုသည်။
ငွေကြေးမဟုတ်သည့် ပစ္စည်းများလှူဒါန်းလာပါက လိုအပ်နေသည့် ခရိုင်၊ မြို့နယ်များကို စနစ်တကျခွဲဝေပေးကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

လက်ရှိ ထားဝယ်မြို့ရှိ စောင့်ကြည့်စခန်းတွင် လူဦးရေ ၃၀ဝ နီးပါး၊ မြိတ် နှင့် ကော့သောင်းတို့တွင် ၄၀ဝ ဦးခန့်ကိုစောင့်ကြည့်နေထိုင်စေကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ကို အစိုးရ၏ ဘတ်ဂျက်သုံးစွဲကာ ကျွေးမွေးနေခြင်းမဟုတ်ဘဲ အလှူရှင်များ၊ ပရဟိတအဖွဲ့များ၏ လှူဒါန်းမှုဖြင့် ကျွေးမွေးနေကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ရေရှည်တွင် အထက်ပါအဖွဲ့များက ကူညီလှူဒါန်းရန် အခက်အခဲဖြစ်လာသည့်အတွက် ပြည်ထောင်စုထံတင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ငွေရေးကြေးရေးလည်း အခက်အခဲဖြစ်လာတော့ ပြည်ထောင်စုကို တင်ပြမယ်လေ။ ပြည်ထောင်စုရဲ့ လမ်းညွှန်ချက်ခံပြီးတော့ ကျွန်တော်တို့ရေရှည်ကျွေးဖို့ ခက်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တိုင်းအတွင်းရှိ စောင့်ကြည့်စခန်းများတွင်လည်း လူပြည့်နေပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။